1 ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ ယုဒနယ်ဆိုင်ရာအရပ်ဒေသနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ကြွတော်မူရာ လူထုပရိသတ်တို့သည် အထံတော်သို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ပြုလေ့ရှိသည့်အတိုင်း သူတို့ကိုသွန်သင်တော်မူ၏။
2 ထိုအခါ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ “လင်ယောက်ျားသည် မိမိမယားကိုကွာရှင်းခြင်းမှာ တရားတော်နှင့်ညီသလော”ဟု မေးလျှောက်ကြ၏။
3 ကိုယ်တော်ကလည်း “မောရှေသည် သင်တို့ကို မည်ကဲ့သို့ပညတ်ထားသနည်း”ဟု ပြန်၍မိန့်တော်မူလျှင်
4 သူတို့က “ဖြတ်စာကိုရေး၍ ကွာရှင်းရန် မောရှေက ခွင့်ပြုထားပါသည်”ဟု ပြန်လျှောက်ကြ၏။
5 ယေရှုကလည်း “သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် သူသည် ဤပညတ်ချက်ကို သင်တို့အတွက်ရေးခဲ့ခြင်းဖြစ်၏။
6 သို့သော် ဖန်ဆင်းခြင်း၏အစအဦးကပင် ဘုရားသခင်သည် သူတို့ကို ယောက်ျားနှင့်မိန်းမအဖြစ် ဖန်ဆင်းတော်မူ၏။
7 ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့်
8 ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။
9 ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။
10 တပည့်တော်တို့သည် အိမ်ထဲ၌ရှိစဉ် ဤအကြောင်းအရာကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။
11 ကိုယ်တော်ကလည်း “မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် ထိုမိန်းမနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
12 မယားသည်လည်း မိမိ၏ခင်ပွန်းနှင့်ကွာရှင်း၍ အခြားယောက်ျားနှင့်ထိမ်းမြားစုံဖက်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
13 ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။
14 ယေရှုသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်တော်ထွက်၍ “ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
15 သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
16 ထို့နောက် ကိုယ်တော်သည် ကလေးသူငယ်တို့ကိုပွေ့ချီ၍ သူတို့အပေါ်၌ လက်တော်တင်လျက် ကောင်းချီးပေးတော်မူ၏။
17 ကိုယ်တော်သည် လမ်း၌ကြွတော်မူစဉ် လူတစ်ဦးသည် ပြေးလာ၍ ရှေ့တော်၌ဒူးထောက်ကာ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် အကျွန်ုပ်သည် မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
18 ယေရှုကလည်း “ငါ့ကိုကောင်းမြတ်သောသူဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းမှလွဲ၍ ကောင်းမြတ်သောသူတစ်စုံတစ်ဦးမျှမရှိ။
19 ‘လူမသတ်ရ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ၊ မခိုးယူရ၊ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ၊ လိမ်ညာလုယူခြင်းမပြုရ၊ သင်၏မိခင်နှင့်ဖခင်တို့ကိုရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိ၏”ဟု မိန့်တော်မူ၏။
20 ထိုသူကလည်း “ဆရာ၊ အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကတည်းက စောင့်ထိန်းပါပြီ”ဟု လျှောက်လေ၏။
21 ယေရှုသည် ထိုသူကိုစူးစိုက်ကြည့်လျက် သူ့အပေါ်မေတ္တာထား၍ “သင်၌တစ်ခုလိုသေး၏။ သင်၌ရှိသမျှသောအရာတို့ကို သွား၍ရောင်းပြီးလျှင် ဆင်းရဲသားတို့အားပေးကမ်းလော့။ ထိုသို့ပြုလျှင် သင်သည်ကောင်းကင်ဘုံ၌ ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
22 ထိုသူသည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် မျက်နှာညှိုးငယ်၍ ဝမ်းနည်းလျက်ထွက်သွားလေ၏။
23 ထိုအခါ ယေရှုသည် ပတ်ပတ်လည်သို့ကြည့်ရှုလျက် “ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
24 တပည့်တော်တို့သည် ကိုယ်တော်၏စကားကိုအံ့အားသင့်ကြ၏။ သို့သော် ယေရှုက “ချစ်သားတို့၊ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား။
25 ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုပ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏”ဟု ထပ်မံ၍မိန့်တော်မူ၏။
26 ထိုအခါ တပည့်တော်တို့သည် ပို၍ပင်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
27 ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက် “ဤအရာသည် လူတို့အတွက်မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက်မူကား ထိုသို့မဟုတ်။ အကြောင်းမှာ ဘုရားသခင်အတွက် အရာခပ်သိမ်းသည်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
28 ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ”ဟု လျှောက်လေ၏။
29 ယေရှုက “သင်တို့အား ငါအမှန်ဆိုမည်။ မည်သူမဆို ငါ့အတွက်နှင့် ကောင်းမြတ်သောသတင်းအတွက် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်လျှင်
30 ထိုသူသည် ယခုဘဝ၌ အဆတစ်ရာသောအကျိုးတည်းဟူသော အိမ်များ၊ မြေယာများ၊ ညီအစ်ကိုမောင်နှမများ၊ အမိများ၊ သားသမီးများကို ညှဉ်းဆဲခြင်းများနှင့်တကွခံစားရလျက် နောင်ဘဝ၌ ထာဝရအသက်ကိုရရှိလိမ့်မည်။
31 သို့သော် အဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြပြီး နောက်ဆုံးသောသူများစွာတို့သည် အဦးဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
32 သူတို့သည် ဂျေရုဆလင်မြို့သို့တက်သွားကြစဉ် လမ်း၌ ယေရှုသည် သူတို့ရှေ့မှကြွတော်မူသဖြင့် တပည့်တော်တို့သည်အံ့အားသင့်ကြ၏။ နောက်တော်သို့လိုက်သောသူတို့သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို တစ်ဖန်ခေါ်လျက် မိမိ၌ဖြစ်ပျက်လာတော့မည့်အရာများကို သူတို့အား မြွက်ဆိုတော်မူ၍
33 “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့ထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကိုသေဒဏ်စီရင်၍ လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။
34 လူမျိုးခြားတို့သည် သူ့ကိုပြောင်လှောင်၍ တံတွေးနှင့်ထွေးပြီး ဒဏ်ခတ်ရိုက်နှက်ကာအသေသတ်ကြလိမ့်မည်။ သို့သော် သုံးရက်ကြာသောအခါ သူသည်ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
35 ထိုအခါ ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့်ယောဟန်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “ဆရာ၊ အကျွန်ုပ်တို့တောင်းသမျှတို့ကို အကျွန်ုပ်တို့အတွက် ပြုပေးစေလိုပါ၏”ဟု ကိုယ်တော်အားလျှောက်ထားကြ၏။
36 ကိုယ်တော်ကလည်း “သင်တို့အတွက် မည်သည့်အရာကို ပြုစေလိုကြသနည်း”ဟု မေးတော်မူလျှင်
37 သူတို့က “အကျွန်ုပ်တို့ကို ကိုယ်တော်၏ဘုန်းအသရေ၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ခွင့်ပြုတော်မူပါ”ဟု လျှောက်ကြ၏။
38 သို့သော် ယေရှုက “သင်တို့သည် မည်သည့်အရာတောင်းနေသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကိုသောက်ရန် သို့မဟုတ် ငါခံမည့်ဗတ္တိဇံကိုခံရန် သင်တို့တတ်နိုင်ကြသလော”ဟု မေးတော်မူလျှင်
39 သူတို့က “အကျွန်ုပ်တို့တတ်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။ ယေရှုကလည်း “ငါသောက်မည့်ခွက်ကို သင်တို့သောက်ကြလိမ့်မည်။ ငါခံမည့်ဗတ္တိဇံကိုလည်း သင်တို့ခံကြလိမ့်မည်။
40 သို့သော် ငါ၏လက်ယာဘက်နှင့် လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏”ဟု မိန့်တော်မူ၏။
41 ကျန်တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ယာကုပ်နှင့်ယောဟန်တို့ကို စိတ်ဆိုးကြ၏။
42 ထိုအခါ ယေရှုသည် သူတို့ကိုခေါ်လျက် “လူမျိုးခြားတို့တွင် သူတို့ကိုအုပ်ချုပ်ရန် သတ်မှတ်ထားခြင်းခံရသောသူတို့သည် ပြည်သူတို့အပေါ် စိုးမိုးခြယ်လှယ်ကြ၍ သူတို့၏အကြီးအကဲတို့သည် သူတို့အပေါ် အာဏာသုံးတတ်ကြသည်ကို သင်တို့သိကြ၏။
43 သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။
44 သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် အားလုံး၏အစေအပါးဖြစ်ရမည်။
45 အကြောင်းမူကား လူ့သားသည်လည်း လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာ၏”ဟု မိန့်တော်မူ၏။
46 ထို့နောက် သူတို့သည် ဂျေရိခေါမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ များစွာသောလူထုပရိသတ်ပါလျက် ဂျေရိခေါမြို့မှထွက်ခွာတော်မူစဉ် တိမဲ၏သား ဗာတိမဲအမည်ရှိသော မျက်မမြင် သူတောင်းစားတစ်ဦးသည် လမ်းဘေးတွင်ထိုင်လျက်နေ၏။
47 နာဇရက်မြို့သားယေရှုဖြစ်ကြောင်း သူကြားသိလျှင် “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု အော်ဟစ်လေ၏။
48 လူအများတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။
49 ထိုအခါ ယေရှုသည်ရပ်တန့်လျက် “သူ့ကိုခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။ လူတို့သည်လည်း ထိုမျက်မမြင်ကိုခေါ်၍ “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်သည် သင့်ကိုခေါ်တော်မူ၏”ဟု ဆိုကြ၏။
50 သူသည်လည်း မိမိဝတ်ရုံကို ဘေးသို့ပစ်ချပြီး ထ၍ ယေရှုထံသို့လာလေ၏။
51 ယေရှုက “သင့်အတွက် မည်သည့်အမှုကိုပြုစေလိုသနည်း”ဟု မေးတော်မူလျှင် မျက်မမြင်က “ရဗ္ဗုနိ၊ မျက်စိမြင်အောင်လုပ်ပေးစေလိုပါသည်”ဟု လျှောက်လေ၏။
52 ယေရှုကလည်း “သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် မျက်စိမြင်၍ လမ်းခရီးတစ်လျှောက် နောက်တော်သို့လိုက်သွားလေ၏။