28 “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ သို့မဟုတ် ဤသို့ပြုနိုင်သောအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။
29 ယေရှုကလည်း “ငါသည် သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ ငါ့ကိုဖြေကြလော့။ သို့ပြုလျှင် ဤအရာများကို မည်သည့်အခွင့်အာဏာနှင့်ငါပြုကြောင်း သင်တို့အား ငါပြောမည်။
30 ယောဟန်၏ဗတ္တိဇံသည် ကောင်းကင်မှဖြစ်သလော သို့မဟုတ် လူတို့ထံမှဖြစ်သလော။ ငါ့ကိုဖြေကြလော့”ဟု မိန့်တော်မူ၏။
31 ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးပြောဆိုကြကာ “‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။
32 ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်းမဖြစ်”ဟု ဆိုကြ၏။ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ဖြစ်သည်ဟု အမှန်ပင် မှတ်ယူကြသောကြောင့် သူတို့သည် လူထုပရိသတ်ကိုကြောက်ကြ၏။
33 ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့မသိပါ”ဟု ယေရှုအား ပြန်ဖြေကြ၏။ ထိုအခါ ယေရှုက “ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော”ဟု သူတို့အား မိန့်တော်မူ၏။