2 ယေရှုကလည်း “ဤကြီးမားသောအဆောက်အအုံများကို သင်မြင်သည်မဟုတ်လော။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု ထိုသူအား မိန့်တော်မူ၏။
3 ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့မျက်နှာမူလျက် ထိုင်နေတော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့က
4 “ထိုအရာများသည် မည်သည့်အချိန်၌ ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ထိုအရာအားလုံးပြည့်စုံတော့မည့်အချိန်တွင် မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု ကိုယ်တော်ကို တိတ်တဆိတ်မေးလျှောက်ကြ၏။
5 ယေရှုကလည်း “မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေရန် သတိပြုကြလော့။
6 များစွာသောသူတို့သည် ငါ၏နာမကိုခံယူသုံးစွဲ၍ ရောက်လာကာ ‘ငါသည် ထိုသူပင်ဖြစ်၏’ဟု ဆိုကြပြီး လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။
7 သင်တို့သည် စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကို ကြားရသောအခါ စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ ထိုအရာများသည် ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။
8 လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငလျင်လှုပ်ခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။