12 တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
13 ကိုယ်တော်ကလည်း တပည့်တော်နှစ်ပါးကိုစေလွှတ်၍ “မြို့ထဲသို့သွားကြလော့။ ထိုအခါ ရေအိုးထမ်းသောသူတစ်ဦးကို သင်တို့တွေ့ကြလိမ့်မည်။ ထိုသူ၏နောက်သို့လိုက်သွားကြပြီး
14 သူဝင်သွားသောအိမ်၏အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကိုစားမည့် ငါ့အခန်းသည် အဘယ်မှာရှိသနည်းဟု မေးလိုက်ပါ၏’ဟူ၍ ပြောကြလော့။
15 ထိုအခါ သူသည် အသင့်ခင်းကျင်းထားသောအပေါ်ထပ်ခန်းမကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာ၌ ငါတို့အတွက် ပြင်ဆင်ကြလော့”ဟု မိန့်တော်မူ၏။
16 တပည့်တော်တို့သည်လည်း ထွက်သွား၍ မြို့ထဲသို့ဝင်ကြရာ သူတို့အား ကိုယ်တော်မိန့်တော်မူသည့်အတိုင်းတွေ့သဖြင့် ပသခါပွဲတော်ကို ပြင်ဆင်ကြ၏။
17 ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ ကြွလာတော်မူ၏။
18 ထို့နောက် သူတို့သည် စားပွဲ၌ထိုင်လျက် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆိုသည်ကား ငါနှင့်အတူစားနေသော သင်တို့အထဲမှတစ်ဦးသည် ငါ့ကိုအပ်နှံလိမ့်မည်”ဟု မိန့်တော်မူ၏။