65 သူတို့ပတ်ဝန်းကျင်၌နေထိုင်သူရှိသမျှတို့သည် ကြောက်ရွံ့ကြ၍ ဤအကြောင်းအရာအလုံးစုံတို့သည် ယုဒနယ်တောင်ပေါ်ဒေသတစ်လျှောက်တွင် ကျော်စောလေ၏။
66 ကြားရသောသူအပေါင်းတို့သည်လည်း ထိုအကြောင်းအရာတို့ကို နှလုံးသွင်း၍ “ဤသူငယ်သည် မည်သို့သောသူဖြစ်လိမ့်မည်နည်း”ဟု ဆိုကြ၏။ အကြောင်းမူကား ထာဝရဘုရား၏လက်တော်သည် သူငယ်နှင့်အတူရှိတော်မူ၏။
67 သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ပရောဖက်ပြုဟောပြောကာ
68 “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
69-70 မိမိ၏ရှေးသန့်ရှင်းသောပရောဖက်များ၏နှုတ်အားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့အတွက် ကယ်တင်ခြင်းဦးချိုကို ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် ပေါ်ထွန်းစေတော်မူပြီ။
71 ဤကယ်တင်ခြင်းသည် ငါတို့၏ရန်သူများနှင့် ငါတို့ကိုမုန်းသောသူအပေါင်းတို့လက်မှ ကယ်တင်တော်မူခြင်းဖြစ်၏။
72-75 ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။