67 သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ပရောဖက်ပြုဟောပြောကာ
68 “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
69-70 မိမိ၏ရှေးသန့်ရှင်းသောပရောဖက်များ၏နှုတ်အားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့အတွက် ကယ်တင်ခြင်းဦးချိုကို ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် ပေါ်ထွန်းစေတော်မူပြီ။
71 ဤကယ်တင်ခြင်းသည် ငါတို့၏ရန်သူများနှင့် ငါတို့ကိုမုန်းသောသူအပေါင်းတို့လက်မှ ကယ်တင်တော်မူခြင်းဖြစ်၏။
72-75 ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။
76-77 အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ပရောဖက်ဟုခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် ထာဝရဘုရား၏လမ်းတော်ကိုပြင်ဆင်ရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအားဖြင့်သက်ရောက်သော ကယ်တင်ခြင်းနှင့်ဆိုင်သည့်အသိပညာကိုပေးရန်လည်းကောင်း၊ ကိုယ်တော်၏ရှေ့တော်၌ သွားလိမ့်မည်။
78 ဤအပြစ်များခွင့်လွှတ်ခြင်းကျေးဇူးသည် ငါတို့ဘုရားသခင်၏အကြင်နာကရုဏာတော်ကြောင့် သက်ရောက်လာသည်ဖြစ်၍ ထိုကရုဏာတော်အားဖြင့် အထက်ကောင်းကင်မှနေအရုဏ်သည် ငါတို့အပေါ်သက်ရောက်ပြီး