13 သူ့အပေါ် လက်တော်ကိုတင်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ခါးသည် ခိုင်ခံ့တည့်မတ်၍ သူသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလေ၏။
14 သို့သော် ဥပုသ်နေ့၌ အနာရောဂါကိုယေရှုငြိမ်းစေတော်မူသောကြောင့် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရမည့်နေ့ရက်ခြောက်ရက်ရှိသည်ဖြစ်၍ ထိုနေ့ရက်များ၌လာ၍ ရောဂါငြိမ်းစေခြင်းကိုခံယူကြလော့။ ဥပုသ်နေ့၌မလာကြနှင့်”ဟု လူထုပရိသတ်တို့အားဆို၏။
15 သခင်ဘုရားကလည်း “သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့အသီးသီးသည် ဥပုသ်နေ့၌ မိမိတို့နွား သို့မဟုတ် မြည်းကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန်ခေါ်ဆောင်သွားကြသည်မဟုတ်လော။
16 သို့ဖြစ်လျှင် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်ထားသည့် အာဗြဟံ၏သမီးဖြစ်သော ဤသူကို ဥပုသ်နေ့၌ ထိုချုည်နှောင်ခြင်းမှ လွတ်စေသင့်သည်မဟုတ်လော”ဟု ပြန်၍မိန့်တော်မူ၏။
17 ထိုသို့ ကိုယ်တော်မိန့်တော်မူသောအခါ ကိုယ်တော်ကိုဆန့်ကျင်နေသောသူရှိသမျှတို့သည် အရှက်ရကြ၏။ လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ပြုတော်မူသည့် ထူးမြတ်သောအမှုအလုံးစုံတို့အတွက် ဝမ်းမြောက်ကြ၏။
18 ထို့ကြောင့် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အရာနှင့်တူသနည်း။ ၎င်းကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။
19 ၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိဥယျာဉ်ထဲ၌ကြဲသောအခါ ထိုအစေ့သည် အပင်ပေါက်ကြီးထွား၍ အပင်ကြီးဖြစ်လာကာ မိုးကောင်းကင်ငှက်တို့သည် ၎င်း၏အကိုင်းများတွင် အသိုက်ဖွဲ့၍နေကြ၏”ဟု မိန့်တော်မူ၏။