21 ယခုဆာလောင်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ ယခုငိုကြွေးနေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။
22 လူ့သားကြောင့် လူတို့သည် သင်တို့ကိုမုန်းတီးသောအခါ၌လည်းကောင်း၊ သင်တို့ကိုဝိုင်းပယ်၍ ကဲ့ရဲ့ပြစ်တင်ကာ သင်တို့၏နာမည်ကိုဖျက်သောအခါ၌လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။
23 ထိုနေ့ရက်၌ ဝမ်းမြောက်လျက် ကခုန်ကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့၏ဘိုးဘေးများသည်လည်း ပရောဖက်များကို ထိုနည်းတူပြုကြ၏။
24 သို့သော် ချမ်းသာသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မိမိတို့ခံစားရမည့်နှစ်သိမ့်မှုကိုရရှိကြပြီဖြစ်၏။
25 ယခု ဝလင်စွာစားရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဆာလောင်ကြလိမ့်မည်။ ယခု ရယ်မောသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြလိမ့်မည်။
26 လူအပေါင်းတို့သည် သင်တို့ကိုချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့၏ဘိုးဘေးများသည် ပရောဖက်အတုအယောင်များအပေါ် ထိုနည်းတူပြုကြ၏။
27 သို့သော် ယခုနားထောင်နေသော သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကို ချစ်ကြလော့။ သင်တို့ကိုမုန်းသောသူတို့အပေါ် ကောင်းစွာပြုကြလော့။