18 သူတို့သည် ချက်ချင်းပင် ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
19 တစ်ဖန် အနည်းငယ်ဆက်၍ကြွတော်မူရာ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ၏ညီယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည် လှေထဲ၌ ပိုက်ကွန်များကိုဖာထေးနေကြ၏။
20 ကိုယ်တော်သည် သူတို့ကိုချက်ချင်းခေါ်တော်မူလျှင် သူတို့သည် မိမိတို့ဖခင်ဇေဗေဒဲကို လူငှားတို့နှင့်အတူ လှေထဲ၌ထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
21 ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ဝင်ကြ၏။ ဥပုသ်နေ့ရောက်သည်နှင့် ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သွန်သင်တော်မူ၏။
22 ထိုအခါ လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့သြချီးမွမ်းကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သူတို့ကိုသွန်သင်တော်မူ၏။
23 ထိုအချိန်၌ပင် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းတွင် ညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။
24 ထိုသူက “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါ၏”ဟု အော်ဟစ်ပြောဆိုလေ၏။