22 ထိုအခါ လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့သြချီးမွမ်းကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သူတို့ကိုသွန်သင်တော်မူ၏။
23 ထိုအချိန်၌ပင် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းတွင် ညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။
24 ထိုသူက “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
25 ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက် “တိတ်ဆိတ်၍ သူ့ထံမှထွက်သွားလော့”ဟု မိန့်တော်မူ၏။
26 ထိုအခါ ညစ်ညူးသောနတ်သည် ထိုသူကိုတက်စေပြီးလျှင် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် သူ့ထံမှထွက်သွားလေ၏။
27 လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤအရာကား မည်သို့နည်း။ အခွင့်အာဏာပါသည့် သွန်သင်ချက်အသစ်ပါတကား။ ညစ်ညူးသောနတ်များကိုပင် အမိန့်ပေးလေရာ ၎င်းတို့သည် ကိုယ်တော်ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းဆွေးနွေးပြောဆိုကြ၏။
28 ဤသို့ဖြင့် ကိုယ်တော်၏သတင်းသည် ဂါလိလဲနယ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားလေ၏။