31 သို့သော် ပေတရုက “အကျွန်ုပ်သည် ကိုယ်တော်အတွက်သေရလျှင်ပင် ကိုယ်တော်ကိုလုံးဝမငြင်းပယ်ပါ”ဟု အခိုင်အမာလျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
32 ထို့နောက် သူတို့သည် ဂေသရှေမန်အမည်ရှိသောအရပ်သို့ ရောက်ကြ၏။ ကိုယ်တော်က “ငါဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူပြီးလျှင်
33 ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပူပန်ခြင်းရှိသဖြင့်
34 “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ သတိနှင့်စောင့်နေကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
35 ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး မြေပေါ်၌ပျပ်ဝပ်လျက် ဖြစ်နိုင်လျှင် ဤအချိန်နာရီကို မိမိထံမှလွန်သွားစေမည့်အကြောင်း ဆုတောင်းကာ
36 “အို အဖခမည်းတော်၊ ကိုယ်တော်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်ပါ၏။ ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ”ဟု တောင်းလျှောက်တော်မူ၏။
37 ထို့နောက် ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား “ရှိမုန်၊ သင်သည် အိပ်ပျော်နေသလော။ တစ်နာရီမျှ သတိနှင့်မစောင့်နိုင်သလော။