7 ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် အထူးနေရာများရွေးချယ်နေကြပုံကို ကိုယ်တော်မြင်တော်မူလျှင် ထိုသူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ
8 “တစ်စုံတစ်ယောက်သည် သင့်ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်သောအခါ အထူးနေရာ၌မထိုင်နှင့်။ သူသည် သင့်ထက်ဂုဏ်သရေရှိသောသူကို ဖိတ်ထားကောင်းဖိတ်ထားလိမ့်မည်။
9 ထိုအခါ သင်တို့နှစ်ဦးစလုံးကိုဖိတ်ခေါ်ထားသောသူသည် သင့်ထံသို့လာ၍ ‘သင့်နေရာကို ဤသူအားပေးလိုက်ပါ’ဟု ဆိုလျှင် သင်သည် အရှက်ရလျက် နောက်ဆုံးနေရာကိုယူရလိမ့်မည်။
10 ထို့ကြောင့် ဖိတ်ခေါ်ခြင်းခံရသောအခါ နောက်ဆုံးနေရာသို့ သွား၍ထိုင်လော့။ သို့ပြုလျှင် သင့်ကိုဖိတ်ခေါ်ထားသောသူသည်လာ၍ ‘မိတ်ဆွေ ရှေ့သို့ကြွပါ’ဟု သင့်အားဆိုလိမ့်မည်။ ထိုအခါ သင်သည် သင်နှင့်အတူထိုင်နေသောသူအားလုံးတို့ရှေ့၌ ဂုဏ်သရေရှိလိမ့်မည်။
11 အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
12 ထို့နောက် ကိုယ်တော်သည် မိမိကိုဖိတ်ခေါ်ထားသောသူအား “သင်သည် ဧည့်ခံပွဲ သို့မဟုတ် ညစာစားပွဲကိုကျင်းပသောအခါ သင်၏မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို မဖိတ်နှင့်။ ထိုသို့ဖိတ်လျှင် သူတို့သည်လည်း သင့်ကိုပြန်ဖိတ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။
13 သို့သော် ဧည့်ခံပွဲကျင်းပသောအခါ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဖိတ်ခေါ်လော့။