4 ထိုအခါ ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုပရိသတ်တို့အား “ဤသူ၌ အပြစ်တစ်စုံတစ်ခုကိုမျှ ငါမတွေ့”ဟု ဆို၏။
5 သို့သော် သူတို့က “သူသည် ဂါလိလဲနယ်မှစ၍ ဤအရပ်ဒေသတိုင်အောင် ယုဒနယ်တစ်နယ်လုံး၌သွန်သင်လျက် လူထုကိုလှုံ့ဆော်ခဲ့ပါသည်”ဟု အပြင်းအထန်ပြောဆိုကြ၏။
6 ပိလတ်မင်းသည် ထိုစကားကိုကြားလျှင် ဤသူသည် ဂါလိလဲနယ်သားဖြစ်သလောဟုမေးမြန်းပြီးမှ
7 ဟေရုဒ်အုပ်စိုးသည့်နယ်မှဖြစ်ကြောင်း သိသောအခါ ကိုယ်တော်ကို ဟေရုဒ်ထံသို့ပို့လိုက်၏။ ထိုနေ့ရက်များတွင် ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့၌ရောက်ရှိနေ၏။
8 ဟေရုဒ်သည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်လေ၏။ အကြောင်းမူကား သူသည် ကိုယ်တော်အကြောင်းကိုကြားသိထား၍ ကိုယ်တော်ကိုတွေ့မြင်လိုသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပြီးကိုယ်တော်ပြုသည့် နိမိတ်လက္ခဏာတစ်စုံတစ်ခုကိုမြင်ရရန်မျှော်လင့်နေ၏။
9 သို့ဖြစ်၍ သူသည် ကိုယ်တော်ကိုမေးခွန်းများစွာမေးလေ၏။ သို့သော် ကိုယ်တော်သည် မည်သည့်အရာကိုမျှ ဖြေကြားတော်မမူခဲ့ချေ။
10 ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့သည် ထ၍ ကိုယ်တော်ကိုပြင်းထန်စွာစွပ်စွဲကြ၏။