7 ထို့ကြောင့် အကျွန်ုပ်ကိုယ်တိုင်သည်လည်း ကိုယ်တော်ထံသို့မလာထိုက်ပါဟုမှတ်ယူပါသည်။ အမိန့်တော်ကိုသာ ပေးတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်၏ငယ်သားသည် ကျန်းမာပါလိမ့်မည်။
8 ဤသို့ဆိုခြင်းမှာ အကျွန်ုပ်သည်လည်း အမိန့်အာဏာအောက်၌ရှိသောသူတစ်ဦးဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင် စစ်သားများရှိပါသည်။ ဤတစ်ဦးကို ‘သွားပါ’ဟု အကျွန်ုပ်ဆိုလျှင် သူသည်သွား၍ အခြားတစ်ဦးကို ‘လာပါ’ဟု ဆိုလျှင် သူသည်လာပါသည်။ အကျွန်ုပ်၏အစေအပါးကိုလည်း ‘ဤအရာကိုလုပ်ပါ’ဟု ဆိုလျှင် သူသည်လုပ်ပါသည်”ဟူ၍ လျှောက်စေ၏။
9 ယေရှုသည် ထိုစကားတို့ကိုကြားလျှင် တပ်မှူးကိုအံ့သြ၍ နောက်တော်သို့လိုက်သောသူတို့ကို လှည့်ကြည့်ကာ “သင်တို့အား ငါဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရေးလူမျိုး၌ပင် ငါမတွေ့ဖူးချေ”ဟု မိန့်တော်မူ၏။
10 စေလွှတ်ခြင်းခံရသောသူတို့သည် အိမ်သို့ပြန်ရောက်သောအခါ ထိုအစေအပါးကျန်းမာလျက်ရှိနေသည်ကိုတွေ့ကြ၏။
11 နောက်တစ်နေ့တွင် ကိုယ်တော်သည် နာဣနဟုခေါ်သောမြို့သို့ ကြွတော်မူရာ တပည့်တော်တို့မှစ၍ များစွာသောလူထုပရိသတ်သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြ၏။
12 မြို့တံခါးအနီးသို့ရောက်တော်မူသောအချိန်တွင် လူတို့သည် သေဆုံးသောသူတစ်ယောက်ကို မြို့ပြင်သို့ထုတ်ဆောင်လာကြ၏။ သူသည် မိခင်ဖြစ်သူမုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့သူမြို့သားတို့သည်လည်း ထိုအမျိုးသမီးနှင့်အတူရှိကြ၏။
13 သခင်ဘုရားသည် ထိုအမျိုးသမီးကိုမြင်သောအခါ သူ့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ “မငိုနှင့်”ဟု မိန့်တော်မူ၏။