25 သန်းခေါင်အချိန်ခန့်တွင် ပေါလုနှင့်သိလတို့သည် ဘုရားသခင်ထံဆုတောင်းလျက် ချီးမွမ်းသီချင်းသီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း သူတို့ကိုနားထောင်နေကြ၏။
26 ထိုအခါ ရုတ်တရက် ငလျင်ပြင်းထန်စွာလှုပ်သဖြင့် ထောင်၏အုတ်မြစ်သည် တုန်ခါ၍ တံခါးရှိသမျှသည် ချက်ချင်းပွင့်သွားကာ အကျဉ်းသားအားလုံး၏သံကြိုးများသည် ပြုတ်သွားလေ၏။
27 ထောင်မှူးသည် နိုးလာ၍ ထောင်တံခါးများပွင့်နေသည်ကိုမြင်လျှင် အကျဉ်းသားများလွတ်သွားပြီဟုထင်မှတ်လျက် ဓားကိုဆွဲထုတ်ကာ မိမိကိုယ်ကိုသတ်မည်ပြု၏။
28 သို့သော် ပေါလုက “သင့်ကိုယ်သင် အန္တရာယ်မပြုနှင့်။ ငါတို့အားလုံး ဤနေရာ၌ရှိကြသည်”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လေ၏။
29 ထိုအခါ ထောင်မှူးသည် မီးတိုင်ကိုတောင်းယူ၍ ပြေးဝင်လာပြီးလျှင် တုန်လှုပ်လျက် ပေါလုနှင့်သိလတို့ရှေ့တွင် ပျပ်ဝပ်လေ၏။
30 ထို့နောက် သူတို့ကို အပြင်သို့ထုတ်ဆောင်ကာ “အရှင်တို့၊ ကယ်တင်ခြင်းခံရရန် အကျွန်ုပ်မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလေ၏။
31 သူတို့ကလည်း “သခင်ယေရှုကိုယုံကြည်လော့။ သို့ပြုလျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု ဆိုကြ၏။