1 လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြကြောင်း တမန်တော်များနှင့် ယုဒပြည်တစ်လျှောက်တွင်ရှိသောညီအစ်ကိုတို့သည် ကြားသိကြ၏။
2 သို့ဖြစ်၍ ပေတရုသည် ဂျေရုဆလင်မြို့သို့ တက်ရောက်လာသောအခါ အရေဖျားလှီးထားသောသူတို့က
3 “သင်သည် အရေဖျားမလှီးသောသူတို့အိမ်သို့ဝင်၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု သူ့ကိုပြစ်တင်ပြောဆိုကြ၏။
4 ထိုအခါ ပေတရုသည် ထိုအကြောင်းအရာကို သူတို့အား အစဉ်လိုက်ရှင်းပြကာ
5 “ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။
6 ငါသည် ထိုအရာထဲသို့ စူးစိုက်၍စေ့စေ့ကြည့်လိုက်ရာ မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများ၊ သားရဲတိရစ္ဆာန်များ၊ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်တို့ကို မြင်ရ၏။
7 ထို့နောက် ‘ပေတရု၊ ထ၍သတ်စားလော့’ဟု ငါ့အားပြောသောအသံကိုလည်း ငါကြားရ၏။
8 သို့သော် ငါက ‘မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား မစင်ကြယ်သောအရာ သို့မဟုတ် ညစ်ညူးသောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ မဝင်ဖူးပါ’ဟု လျှောက်၏။
9 ထိုအခါ ဒုတိယအကြိမ်ကောင်းကင်မှ အသံထွက်ပေါ်လာ၍ ‘ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်’ဟု ဆိုလေ၏။
10 ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာအားလုံးသည် ကောင်းကင်သို့ ပြန်လည်ရုတ်သိမ်းခြင်းခံရ၏။
11 ထိုခဏချင်းတွင် ဆီဇာရီးယားမြို့မှ ငါ့ထံသို့စေလွှတ်လိုက်သည့် လူသုံးဦးတို့သည် ငါရှိနေသောအိမ်သို့ ရောက်လာကြ၏။
12 ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်က ‘သံသယမရှိဘဲ သူတို့နှင့်အတူလိုက်သွားလော့’ဟု ငါ့အား မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ဦးတို့သည်လည်း ငါနှင့်အတူလိုက်သွား၍ ငါတို့သည် ထိုသူ၏အိမ်သို့ဝင်ကြ၏။
13 ထိုသူက ကောင်းကင်တမန်သည် သူ့အိမ်ထဲ၌ရပ်လျက် ‘ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။
14 သူသည် သင်နှင့် သင်၏မိသားစုအားလုံး ကယ်တင်ခြင်းရရှိစေမည့်တရားစကားကို သင့်အား ဟောပြောလိမ့်မည်’ဟု မြွက်ဆိုသည်ကို သူမြင်ရကြောင်း ငါတို့အား ပြောပြခဲ့၏။
15 ထို့နောက် ငါစတင်ဟောပြောလေရာ သန့်ရှင်းသောဝိညာဉ်တော်သည် အစအဦးက ငါတို့အပေါ်သို့သက်ရောက်သကဲ့သို့ ထိုသူတို့အပေါ်သို့လည်း သက်ရောက်တော်မူ၏။
16 ထိုအခါ ‘ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံကြရလိမ့်မည်’ဟု သခင်ဘုရားမိန့်တော်မူသောစကားကို ငါသတိရ၏။
17 ဤသို့ဖြင့် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကိုယုံကြည်သောငါတို့အား ပေးတော်မူသကဲ့သို့ ထိုသူတို့ကိုလည်း တူညီသောကောင်းချီးလက်ဆောင်ကို ပေးတော်မူလျှင် ငါသည် မည်သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်မည်နည်း”ဟု ဆိုလေ၏။
18 သူတို့သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “သို့ဖြစ်လျှင် ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ရောက်စေသည့်နောင်တတရားကို လူမျိုးခြားတို့အားလည်း ပေးတော်မူပြီ”ဟု ဆိုကြ၏။
19 သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့်နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွားကြသောသူတို့သည် ဖိုနီးရှားနယ်မှစ၍ ဆိုက်ပရပ်ကျွန်းနှင့် အန္တိအုတ်မြို့အထိ ရောက်သွားကြ၏။ သူတို့သည် ဂျူးလူမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ နှုတ်ကပတ်တရားကိုမဟောပြောကြချေ။
20 သို့သော် ထိုသူတို့တွင် ဆိုက်ပရပ်ကျွန်းနှင့်ကုရေနေမြို့မှ လူအချို့တို့ပါ၍ သူတို့သည် အန္တိအုတ်မြို့သို့သွားပြီးလျှင် ဂရိစကားပြောသောသူတို့အားလည်း ဟောပြောကာ သခင်ယေရှုအကြောင်းကို ပြောကြားကြ၏။
21 သခင်ဘုရား၏လက်တော်သည်လည်း သူတို့နှင့်အတူရှိသဖြင့် များစွာသောသူတို့သည်ယုံကြည်၍ သခင်ဘုရားထံသို့ပြောင်းလဲလာကြ၏။
22 ထိုသူတို့နှင့်ပတ်သက်သည့်သတင်းကို ဂျေရုဆလင်မြို့၌ရှိသော အသင်းတော်သည်ကြားလျှင် ဗာနဗကို အန္တိအုတ်မြို့အထိသွားရန် စေလွှတ်လေ၏။
23 ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
24 အကြောင်းမူကား သူသည် သူတော်ကောင်းဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်ဝသောသူဖြစ်၏။ ထိုအခါ များစွာသောလူတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
25 ထို့နောက် ဗာနဗသည် ရှောလုကိုရှာရန် တာရှုမြို့သို့ထွက်သွား၍
26 သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်လာ၏။ သူတို့သည် တစ်နှစ်ပတ်လုံး အသင်းတော်၌စုဝေးလျက် များစွာသောလူတို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည် ထိုအန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟု ပထမဦးဆုံးခေါ်ဝေါ်ခြင်းခံရကြ၏။
27 ထိုနေ့ရက်များ၌ ပရောဖက်တို့သည် ဂျေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ဆင်းလာကြ၏။
28 ထိုသူတို့အထဲမှ အာဂဗုအမည်ရှိသူတစ်ဦးသည် ထ၍ ကမ္ဘာတစ်ဝန်းလုံး၌ ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေး ကျရောက်တော့မည်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင်ဟောပြော၏။ ထိုဘေးသည် ကလောဒိမင်း၏လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏။
29 ထိုအခါ တပည့်တော်တို့သည် အသီးသီးတတ်နိုင်သည့်အတိုင်း ယုဒပြည်၌နေထိုင်ကြသော ညီအစ်ကိုတို့အား အထောက်အပံ့ပို့ပေးရန် ဆုံးဖြတ်ကြ၏။
30 သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။