1 ငါတို့သည် အီတလီပြည်သို့ရွက်လွှင့်ရမည်ဟု သူတို့ဆုံးဖြတ်ကြသောအခါ သူတို့သည် ပေါလုနှင့်အခြားအကျဉ်းသားအချို့တို့ကို ဧကရာဇ်မင်း၏တပ်ဖွဲ့မှ ယုလိအမည်ရှိသောတပ်မှူးထံ အပ်ကြ၏။
2 ငါတို့သည် အာရှပြည် ကမ်းခြေတစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ရွက်လွှင့်သွားမည့် အဒြာမုတ္တိသင်္ဘောကိုစီးလျက် ရွက်လွှင့်ကြ၏။ မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုသည်လည်း ငါတို့နှင့်အတူပါလာ၏။
3 နောက်တစ်နေ့တွင် ငါတို့သည် ဆီဒုန်မြို့သို့ဆိုက်ကပ်ကြ၏။ ယုလိသည် ပေါလုကိုကြင်နာစွာဆက်ဆံလျက် မိတ်ဆွေများထံသွား၍ လုပ်ကျွေးပြုစုခြင်းခံယူခွင့်ကို ပေးလေ၏။
4 ထိုမြို့မှရွက်လွှင့်ကြသောအခါ လေဆန်ဖြစ်နေသဖြင့် ဆိုက်ပရပ်ကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။
5 ထို့နောက် ဆီလီဆီးယားပြည်နှင့်ပံဖုလိပြည်၏ပင်လယ်ပြင်ကို ရွက်လွှင့်ပြီး လုကိပြည်၊ မုရမြို့သို့ရောက်ကြ၏။
6 ထိုမြို့တွင် တပ်မှူးသည် အီတလီပြည်သို့ရွက်လွှင့်မည့် အလက်ဇန္ဒြိယသင်္ဘောကိုတွေ့၍ ငါတို့အား ထိုသင်္ဘောပေါ်သို့တက်စေ၏။
7 ရက်ပေါင်းများစွာ တစ်ရွေ့ရွေ့ရွက်လွှင့်ကြပြီးနောက် ကနိဒ်မြို့နားသို့ ခက်ခဲစွာဖြင့်ရောက်ရှိကြ၏။ ငါတို့သည် လေကြောင့် ဆက်မသွားနိုင်တော့သဖြင့် သာလမုန်အငူနားမှဖြတ်၍ ကရေတေကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။
8 ကမ်းရိုးတန်းတစ်လျှောက် ခက်ခဲစွာရွက်လွှင့်သွားပြီးနောက် လာသဲမြို့အနီးရှိ ဆိပ်ကမ်းသာဟုခေါ်သောအရပ်သို့ရောက်ကြ၏။
9 အချိန်များစွာကြာလာ၍ အစာရှောင်ရာနေ့သည်လည်း လွန်ခဲ့ပြီဖြစ်သောကြောင့် ပင်လယ်ခရီးသည် ဘေးအန္တရာယ်ရှိလာသဖြင့် ပေါလုသည် သူတို့အား သတိပေးကာ
10 “မိတ်ဆွေတို့၊ ဤပင်လယ်ခရီးတွင် သင်္ဘောနှင့်ကုန်ပစ္စည်းအပေါ်၌သာမက အကျွန်ုပ်တို့၏အသက်အပေါ်၌ပင် ဘေးအန္တရာယ်နှင့်များစွာသောဆုံးရှုံးမှု ကျရောက်လာလိမ့်မည်ဟု အကျွန်ုပ်တွေ့မြင်ရသည်”ဟူ၍ ဆိုလေ၏။
11 သို့သော် တပ်မှူးသည် ပေါလုပြောဆိုသောစကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့ကို ပို၍ယုံ၏။
12 ထိုဆိပ်ကမ်းသည်လည်း ဆောင်းခိုရန်မသင့်လျော်သောဆိပ်ကမ်းဖြစ်သောကြောင့် အများစုက ထိုဆိပ်ကမ်းမှရွက်လွှင့်ပြီး ဖြစ်နိုင်လျှင် အနောက်တောင်နှင့် အနောက်မြောက်သို့မျက်နှာမူသည့် ကရေတေကျွန်း၏ဖိနိတ်ဆိပ်ကမ်းသို့ တစ်နည်းနည်းဖြင့်သွား၍ ဆောင်းခိုမည်ဟု ဆုံးဖြတ်ကြ၏။
13 တောင်လေဖြည်းညင်းစွာတိုက်ခတ်လာသောအခါ သူတို့သည် အကြံအစည်အောင်မြင်ပြီဟုထင်မှတ်လျက် ကျောက်ဆူးကိုနုတ်ပြီးလျှင် ကရေတေကျွန်း၏ကမ်းခြေကိုကပ်၍ ရွက်လွှင့်ကြ၏။
14 သို့သော် မကြာမီအတွင်း ဥရုကလုဒုန်ဟုခေါ်သည့် လေမုန်တိုင်းသည် ကုန်းတွင်းပိုင်းမှ တိုက်ခတ်လာလေ၏။
15 သင်္ဘောသည် လေမုန်တိုင်းမိသဖြင့် လေကိုဆန်၍မသွားနိုင်သောကြောင့် ငါတို့သည် လက်လျှော့၍ လေတိုက်ရာသို့ မျောပါသွားကြ၏။
16 ကလောဒေဟုခေါ်သော ကျွန်းငယ်တစ်ကျွန်း၏လေကွယ်ရာသို့ ရောက်ကြသောအခါ အသက်ကယ်လှေကို ခက်ခဲစွာဖြင့် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြ၏။
17 သူတို့သည် ထိုလှေကို သင်္ဘောပေါ်တင်ပြီးလျှင် သင်္ဘောကိုခိုင်ခံ့စေရန် ကြိုးဖြင့်ပတ်စည်းကြ၏။ ဆိတစ်သဲသောင်ပေါ်၌ သောင်တင်မည်ကို စိုးရိမ်သောကြောင့် ရွက်ကိုလျှောချလျက် လေတိုက်ရာသို့ မျောပါသွားကြ၏။
18 ငါတို့သည် လေမုန်တိုင်းဒဏ်ကို ပြင်းစွာခံရသဖြင့် နောက်တစ်နေ့တွင် လူတို့သည် ကုန်ပစ္စည်းများကို သင်္ဘောပေါ်မှ ပစ်ချကြ၏။
19 သုံးရက်မြောက်သောနေ့တွင် သင်္ဘော၏ကုန်တင်ကုန်ချပစ္စည်းများကိုပင် မိမိတို့လက်ဖြင့်ယူ၍ ပစ်ချကြ၏။
20 ရက်ပေါင်းများစွာ နေနှင့်ကြယ်များကိုမတွေ့ရချေ။ မုန်တိုင်းသည်လည်း အရှိန်မလျော့ဘဲ တိုက်ခတ်လျက်ရှိသဖြင့် နောက်ဆုံးတွင် ငါတို့လွတ်မြောက်မည်ဟူသောမျှော်လင့်ချက်ရှိသမျှသည် ပျောက်ကွယ်သွားခဲ့လေ၏။
21 လူတို့သည် ကြာမြင့်စွာအစာမစားဘဲနေကြသောအခါ ပေါလုသည် သူတို့အလယ်၌ရပ်လျက် “အို မိတ်ဆွေတို့၊ သင်တို့သည် အကျွန်ုပ်၏စကားကိုနားထောင်၍ ကရေတေကျွန်းမှမထွက်ခွာဘဲ နေသင့်ပေသည်။ သို့ပြုလျှင် ဤဘေးအန္တရာယ်နှင့်ဆုံးရှုံးမှုတို့မှ ကင်းလွတ်ခဲ့ရကြပေလိမ့်မည်။
22 သို့သော် အားမငယ်ကြရန် သင်တို့အား အကျွန်ုပ်တိုက်တွန်းပါသည်။ အကြောင်းမူကား သင်တို့ထဲမှ တစ်စုံတစ်ဦးမျှ အသက်ဆုံးရှုံးရမည်မဟုတ်။ သင်္ဘောကိုသာ ဆုံးရှုံးရလိမ့်မည်။
23 အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်ကိုပိုင်သတော်မူသည့် အကျွန်ုပ်ဝတ်ပြုသောဘုရားသခင်၏ကောင်းကင်တမန်သည် လွန်ခဲ့သောညက အကျွန်ုပ်အနီး၌ရပ်လျက်
24 ‘ပေါလု၊ မစိုးရိမ်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့သို့ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်နေသူအပေါင်းတို့ကိုလည်း သင့်အား ပေးအပ်တော်မူပြီ’ဟု မြွက်ဆိုခဲ့ပါသည်။
25 သို့ဖြစ်၍ မိတ်ဆွေတို့၊ အားမငယ်ကြနှင့်။ အကြောင်းမူကား အကျွန်ုပ်အားမိန့်တော်မူသည့်အတိုင်းပင် ဖြစ်လိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်ယုံကြည်ပါသည်။
26 အကျွန်ုပ်တို့သည် ကျွန်းတစ်ခုတွင် သောင်တင်ရလိမ့်မည်”ဟု ဆိုလေ၏။
27 တစ်ဆယ့်လေးရက်မြောက်ညရောက်သောအခါ ငါတို့သည် အာဒြိပင်လယ်ထဲတွင်မျောပါနေကြစဉ် ညသန်းခေါင်အချိန်ခန့်တွင် သင်္ဘောသားတို့သည် ကမ်းတစ်ခုခုနှင့်နီးလာသည်ဟုထင်မှတ်၍
28 ရေကိုတိုင်းကြည့်ရာ အလံနှစ်ဆယ်နက်ကြောင်းတွေ့ကြ၏။ ထို့နောက် အနည်းငယ်ဆက်သွား၍ ပြန်တိုင်းကြည့်ရာ တစ်ဆယ့်ငါးလံနက်သည်ကိုတွေ့ကြ၏။
29 သူတို့သည် ကျောက်ဆောင်နှင့်တိုက်မိမည်ကိုစိုးရိမ်သဖြင့် သင်္ဘောပဲ့ပိုင်းမှ ကျောက်ဆူးလေးခုကိုချပြီး မိုးလင်းပါစေဟုဆုတောင်းကြ၏။
30 သင်္ဘောသားများသည် သင်္ဘောမှထွက်ပြေးရန်ကြိုးစား၍ သင်္ဘောဦးပိုင်းတွင် ကျောက်ဆူးချမည့်ဟန်ပြုလျက် အသက်ကယ်လှေကို ရေထဲသို့လျှောချနေကြ၏။
31 ပေါလုက တပ်မှူးနှင့်စစ်သားတို့အား “သင်္ဘောပေါ်တွင် ဤသူတို့သာမရှိလျှင် သင်တို့လွတ်မြောက်နိုင်မည်မဟုတ်”ဟု ပြောလေ၏။
32 ထိုအခါ စစ်သားတို့သည် အသက်ကယ်လှေ၏ကြိုးများကိုခုတ်ဖြတ်၍ ၎င်းတို့ကို အောက်သို့ချလိုက်ကြ၏။
33 မိုးလင်းလုနီးသောအခါ ပေါလုသည် အားလုံးတို့အား အစာစားကြရန် တိုက်တွန်းလျက် “သင်တို့သည် အစာမစားဘဲ ဆက်တိုက်အခြေအနေကိုစောင့်ကြည့်ကာ မည်သည့်အရာကိုမျှမစားခဲ့ သည်မှာ ယနေ့ တစ်ဆယ့်လေးရက်ရှိပါပြီ။
34 ထို့ကြောင့် အစာစားကြရန် သင်တို့အား အကျွန်ုပ်တိုက်တွန်းပါသည်။ ဤသည်ကား သင်တို့၏လွတ်မြောက်ခြင်းအတွက် ဖြစ်၏။ သင်တို့၏ဦးခေါင်းမှ ဆံပင်တစ်ပင်မျှ ပျက်စီးမည်မဟုတ်”ဟု ဆိုလေ၏။
35 ဤသို့ဆိုပြီးနောက် ပေါလုသည် မုန့်ကိုယူ၍ အားလုံး၏ရှေ့တွင် ဘုရားသခင်အားကျေးဇူးတင်လျက် မုန့်ကိုဖဲ့၍စားလေ၏။
36 ထိုအခါ သူတို့အားလုံးသည်လည်း အားတက်လာ၍ အစာစားကြ၏။
37 သင်္ဘောပေါ်တွင် လူပေါင်းနှစ်ရာခုနစ်ဆယ့်ခြောက်ယောက်ရှိ၏။
38 အစာကိုဝလင်စွာစားကြပြီးနောက် သင်္ဘောပေါ့သွားစေရန် ဂျုံဆန်ကို ပင်လယ်ထဲသို့ပစ်ချကြ၏။
39 မိုးလင်းသောအခါ မည်သည့်အရပ်ဒေသဖြစ်သည်ကို မသိသော်လည်း ကမ်းခြေရှိသော ပင်လယ်ကွေ့တစ်ခုကိုမြင်ရ၍ ဖြစ်နိုင်လျှင် ထိုကမ်းခြေပေါ်သို့ သင်္ဘောကိုထိုးတင်ရန် တိုင်ပင်ကြံစည်ကြ၏။
40 ထို့နောက် ကျောက်ဆူးများကို ပင်လယ်ထဲသို့ဖြုတ်ချခဲ့၍ တစ်ချိန်တည်း၌ပင် တက်မကြိုးများကိုဖြေလျက် ရွက်ကိုတင်ပြီး ကမ်းခြေဘက်သို့လွှင့်သွားကြ၏။
41 သို့သော် သင်္ဘောသည် ဒီရေနှစ်ကြောင်းစုဆုံရာသို့ရောက်သွား၍ သောင်တင်သဖြင့် သင်္ဘောဦးသည် သောင်၌စိုက်ပြီး လှုပ်ရှား၍မရတော့ချေ။ ပဲ့ပိုင်းမှာမူ လှိုင်းလုံးများရိုက်ခတ်သဖြင့် ကျိုးပျက်လေ၏။
42 စစ်သားတို့သည် အကျဉ်းသားတစ်စုံတစ်ဦးမျှ ရေကူး၍မထွက်ပြေးစေရန် သူတို့ကိုသတ်မည်ဟုကြံစည်ကြ၏။
43 သို့သော် တပ်မှူးသည် ပေါလုကိုကယ်လိုသဖြင့် သူတို့၏အကြံအစည်ကိုတားမြစ်ကာ ရေကူးတတ်သူများသည် ဦးစွာခုန်ချ၍ ကမ်းပေါ်သို့ကူးသွားကြရန်နှင့်
44 ကျန်သောသူတို့သည် ပျဉ်ပြားကိုဖြစ်စေ၊ သင်္ဘောထဲမှအရာတစ်စုံတစ်ခုကိုဖြစ်စေ တွယ်စီး၍ ကူးသွားကြရန် အမိန့်ပေးလေ၏။ ဤသို့ဖြင့် အားလုံးသည် ဘေးကင်းစွာဖြင့် ကုန်းပေါ်သို့ရောက်ကြ၏။