တ​မန်​တော်​ဝတ္ထု 7 MSB

သ​တေ​ဖန်​၏​ဟော​ကြား​ချက်

1 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​က ဤ​ထွက်​ဆို​ချက်​အ​တိုင်း​ဟုတ်​မ​ဟုတ် မေး​လေ​သော်

2 သ​တေ​ဖန်​က “ညီ​အစ်​ကို​များ​နှင့်​အ​ဖ​တို့၊ နား​ထောင်​ကြ​ပါ။ ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​သည် ခါ​ရန်​မြို့​၌​မ​နေ​ထိုင်​မီ မက်​ဆို​ပို​တေး​မီး​ယား​ပြည်​၌​ရှိ​စဉ် ဘုန်း​ကြီး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သူ့​အား​ထင်​ရှား​လျက်

3 ‘သင်​၏​ပြည်​နှင့် သင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​မှ ထွက်​ခွာ​၍ သင့်​ကို ငါ​ပြ​မည့်​ပြည်​သို့ သွား​လော့’​ဟု မိန့်​တော်​မူ​၏။

4 ထို​အ​ခါ သူ​သည် ခါ​လ​ဒဲ​လူ​မျိုး​တို့​၏​ပြည်​မှ ထွက်​ခွာ​၍ ခါ​ရန်​မြို့​၌​နေ​ထိုင်​လေ​၏။ သူ​၏​ဖ​ခင်​သေ​ဆုံး​ပြီး​နောက် ဘု​ရား​သ​ခင်​သည် သူ့​ကို ထို​နေ​ရာ​မှ ယ​ခု ငါ​တို့​နေ​ထိုင်​သော​ပြည်​သို့ ပြောင်း​ရွှေ့​စေ​တော်​မူ​၏။

5 သို့​သော် ဤ​ပြည်​၌ ခြေ​ချ​စ​ရာ​နေ​ရာ​ကို​မျှ အ​မွေ​အ​ဖြစ်​ပေး​တော်​မ​မူ​ဘဲ သူ​ကိုယ်​တိုင်​နှင့် သူ​၏​အ​မျိုး​အ​နွယ်​တို့​အား ဤ​ပြည်​ကို​အ​ပိုင်​ပေး​မည်​ဟု သူ​၌​က​လေး​တစ်​ယောက်​မျှ​မ​ရှိ​မီ သူ့​အား က​တိ​ပေး​တော်​မူ​၏။

6 တစ်​ဖန် ဘု​ရား​သ​ခင်​က သူ​၏​အ​မျိုး​အ​နွယ်​သည် သူ​တစ်​ပါး​၏​တိုင်း​ပြည်​တွင် ဧည့်​သည်​အ​ဖြစ်​နေ​ထိုင်​မည်​ဖြစ်​ကြောင်း​နှင့် ထို​တိုင်း​ပြည်​မှ​လူ​တို့​သည် သူ​တို့​ကို​ကျွန်​ပြု​၍ အ​နှစ်​လေး​ရာ​ပတ်​လုံး မ​တ​ရား​နှိပ်​စက်​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​၏။

7 ဘု​ရား​သ​ခင်​က ‘သူ​တို့​ကျွန်​ခံ​ရ​သော​လူ​မျိုး​ကို ငါ​စီ​ရင်​မည်။ ထို့​နောက် သူ​တို့​သည် ထွက်​ခွာ​လာ​၍ ဤ​နေ​ရာ​၌ ငါ့​ကို​ဝတ်​ပြု​ကြ​လိမ့်​မည်’​ဟု မိန့်​တော်​မူ​၏။

8 ဘု​ရား​သ​ခင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​နှင့်​ဆိုင်​သော​ပ​ဋိ​ညာဉ်​ကို​လည်း အာ​ဗြ​ဟံ​အား​ပေး​တော်​မူ​သ​ဖြင့်​သူ​သည် သား​ဣ​ဇက်​ကို​ရ​သော​အ​ခါ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား အ​ရေ​ဖျား​လှီး​ခြင်း​ပေး​ခဲ့​၏။ ဣ​ဇက်​သည် သား​ယာ​ကုပ်​ကို​ရ​ပြီး ယာ​ကုပ်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​ဘိုး​ဘေး​တို့​၏​ဖ​ခင်​ဖြစ်​လာ​၏။

အီ​ဂျစ်​ပြည်​သို့​ရောက်​သော​ဘိုး​ဘေး​များ

9 ဘိုး​ဘေး​တို့​သည် ယော​သပ်​ကို​မ​နာ​လို​သ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ရောင်း​လိုက်​ကြ​၏။ သို့​သော် ဘု​ရား​သ​ခင်​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၍

10 သူ​၏​ဆင်း​ရဲ​ဒုက္ခ​အ​လုံး​စုံ​တို့​ထဲ​မှ သူ့​ကို​ကယ်​နုတ်​ပြီး သူ့​အား​ဉာဏ်​ပ​ညာ​ကို​ပေး​လျက် အီ​ဂျစ်​ဘု​ရင် ဖာ​ရော​မင်း​ရှေ့​၌ မျက်​နှာ​ရ​စေ​တော်​မူ​၏။ ထို​အ​ခါ ဖာ​ရော​မင်း​သည် အီ​ဂျစ်​ပြည်​နှင့်​မိ​မိ​၏​နန်း​တော်​တစ်​ခု​လုံး​ကို ဦး​ဆောင်​သူ​အ​ဖြစ် သူ့​ကို​ခန့်​ထား​လေ​၏။

11 ထို့​နောက် အီ​ဂျစ်​ပြည်​နှင့်​ခါ​နာန်​ပြည်​တစ်​ဝန်း​လုံး​တွင် ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​နှင့် ကြီး​စွာ​သော​ဆင်း​ရဲ​ဒုက္ခ​တို့​ကျ​ရောက်​လာ​သ​ဖြင့် ငါ​တို့​၏​ဘိုး​ဘေး​များ​သည် စား​စ​ရာ​ကို​မ​ရ​ရှိ​နိုင်​တော့​ချေ။

12 သို့​သော် ယာ​ကုပ်​သည် အီ​ဂျစ်​ပြည်​၌ ဂျုံ​ဆန်​ရှိ​ကြောင်း​ကြား​၍ ငါ​တို့​၏​ဘိုး​ဘေး​များ​ကို ပ​ထ​မ​အ​ကြိမ်​စေ​လွှတ်​ခဲ့​၏။

13 ဒု​တိ​ယ​အ​ကြိမ်​တွင် ယော​သပ်​သည် သူ​၏​အစ်​ကို​တို့​အား မိ​မိ​အ​ကြောင်း​ကို​ဖော်​ပြ​သ​ဖြင့် ယော​သပ်​၏​မျိုး​ရိုး​ကို ဖာ​ရော​ဘု​ရင်​သိ​ရှိ​လာ​၏။

14 ထို့​နောက် ယော​သပ်​သည် လူ​လွှတ်​၍ မိ​မိ​၏​ဖ​ခင်​ယာ​ကုပ်​နှင့်​တ​ကွ ခု​နစ်​ဆယ့်​ငါး​ယောက်​ရှိ​သော ဆွေ​မျိုး​သား​ချင်း​အား​လုံး​ကို ခေါ်​လေ​၏။

15 ဤ​သို့​ဖြင့် ယာ​ကုပ်​သည် အီ​ဂျစ်​ပြည်​သို့​ဆင်း​သွား​၍ သူ​နှင့် ငါ​တို့​၏​ဘိုး​ဘေး​များ​သည် ထို​ပြည်​၌​သေ​ဆုံး​ခဲ့​ကြ​၏။

16 သူ​တို့​၏​အ​လောင်း​ကို​မူ ရှေ​ခင်​မြို့​သို့ ပြန်​လည်​သယ်​ဆောင်​လာ​ပြီး ထို​မြို့​နေ ဟာ​မော်​၏​သား​များ​ထံ​မှ တန်​ဖိုး​ငွေ​ပေး​၍ အာ​ဗြ​ဟံ​ဝယ်​ယူ​ထား​သော​သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ကြ​၏။

ငြင်း​ပယ်​ခြင်း​ခံ​ရ​သော​ရွေး​နုတ်​ကယ်​တင်​သူ မော​ရှေ

17 အာ​ဗြ​ဟံ​အား ဘု​ရား​သ​ခင်​က​တိ​ပေး​တော်​မူ​သော က​တိ​တော်​၏​နေ့​ရက်​နီး​ကပ်​လာ​သည်​နှင့်​အ​ညီ လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​တွင် တိုး​ပွား​လျက်​များ​ပြား​လာ​၍

18 အီ​ဂျစ်​ပြည်​၌ ယော​သပ်​ကို​မ​သိ​သော အ​ခြား​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​သည်​အ​ထိ ထို​သို့​တိုး​ပွား​များ​ပြား​လေ​၏။

19 ထို​ဘု​ရင်​သည် ငါ​တို့​လူ​မျိုး​အ​ပေါ်​ဉာဏ်​ဆင်​လျက် ငါ​တို့​၏​ဘိုး​ဘေး​များ​ကို မ​တ​ရား​နှိပ်​စက်​ကာ သူ​တို့​၏​က​လေး​ငယ်​များ​ကို အ​သက်​မ​ရှင်​စေ​ရန် ပစ်​ထား​စေ​၏။

20 ထို​သို့​သော​အ​ချိန်​၌ မော​ရှေ​သည် မွေး​ဖွား​လာ​ခဲ့​၏။ သူ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​ဆင်း​လှ​သော​က​လေး​ဖြစ်​ပြီး ဖ​ခင်​၏​အိမ်​၌ သုံး​လ​တိုင်​တိုင်​ကျွေး​မွေး​ပြု​စု​ခြင်း​ခံ​ရ​၏။

21 ထို့​နောက် အ​ပြင်​၌​ထုတ်​ထား​သော​အ​ခါ ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည် သူ့​ကို​ကောက်​ယူ​၍ မိ​မိ​သား​အ​ဖြစ်​မွေး​စား​လေ​၏။

22 မော​ရှေ​သည် အီ​ဂျစ်​လူ​မျိုး​တို့​၏​အ​တတ်​ပ​ညာ​အ​လုံး​စုံ​တို့​ကို သင်​ကြား​တတ်​မြောက်​သ​ဖြင့် ပြော​ဆို​မှု​နှင့်​လုပ်​ဆောင်​မှု​တို့​၌ အ​စွမ်း​သတ္တိ​ရှိ​၏။

23 သူ​သည် အ​သက်​လေး​ဆယ်​ပြည့်​သော​အ​ခါ မိ​မိ​ညီ​အစ်​ကို​များ​ဖြစ်​ကြ​သော အစ္စ​ရေး​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​သွား​လို​သော​စိတ်​ဆန္ဒ​ဖြစ်​ပေါ်​လာ​လေ​၏။

24 ထို့​နောက် လူ​တစ်​ဦး​သည် မ​တ​ရား​သ​ဖြင့်​ပြု​မူ​ခြင်း​ခံ​နေ​ရ​သည်​ကို​မြင်​၍ ထို​သူ​ကို​ကာ​ကွယ်​လျက် အီ​ဂျစ်​အ​မျိုး​သား​ကို​ရိုက်​သတ်​ကာ ဖိ​နှိပ်​ခံ​ရ​သူ​အ​တွက် လက်​တုံ့​ပြန်​လေ​၏။

25 မော​ရှေ​က သူ့​လက်​ဖြင့် သူ​၏​ညီ​အစ်​ကို​တို့​အား လွတ်​မြောက်​ခြင်း​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဖြစ်​ကြောင်း သူ​တို့​နား​လည်​ကြ​လိမ့်​မည်​ဟု ထင်​ခဲ့​သော်​လည်း သူ​တို့​သည်​နား​မ​လည်​ခဲ့​ကြ​ပေ။

26 နောက်​တစ်​နေ့​တွင် မော​ရှေ​သည် အစ္စ​ရေး​လူ​မျိုး​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​နေ​ကြ​သည်​ကို​မြင်​၍ ‘မိတ်​ဆွေ​တို့၊ သင်​တို့​သည် ညီ​အစ်​ကို​ချင်း​ဖြစ်​ကြ​ပါ​လျက်​နှင့် အ​ဘယ်​ကြောင့် အ​ချင်း​ချင်း​မ​တ​ရား​သ​ဖြင့်​ပြု​ကြ​သ​နည်း’​ဟု သူ​တို့​အား​ဆို​လျက် သင့်​မြတ်​ငြိမ်း​ချမ်း​ကြ​ရန် ဖျန်​ဖြေ​ပေး​၏။

27 သို့​သော် အိမ်​နီး​ချင်း​ကို မ​တ​ရား​သ​ဖြင့်​ပြု​နေ​သော​သူ​သည် မော​ရှေ​ကို​တွန်း​ဖယ်​၍ ‘မည်​သူ​သည် သင့်​ကို ငါ​တို့​၏​အ​ကြီး​အ​ကဲ​နှင့်​တ​ရား​သူ​ကြီး​အ​ရာ​၌ ခန့်​ထား​သ​နည်း။

28 သင်​သည် မ​နေ့​က အီ​ဂျစ်​လူ​မျိုး​ကို​သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​လို​သ​လော’​ဟု ဆို​လေ​၏။

29 မော​ရှေ​သည် ထို​စ​ကား​ကို​ကြား​လျှင် ထွက်​ပြေး​၍ မိ​ဒျန်​ပြည်​တွင် ဧည့်​သည်​အ​ဖြစ်​နေ​ထိုင်​ကာ ထို​ပြည်​၌ သား​နှစ်​ယောက်​ရ​ခဲ့​၏။

30 အ​နှစ်​လေး​ဆယ်​ပြည့်​သော​အ​ခါ သိ​နာ​တောင်​၏​တော​ကန္တာ​ရ​တွင် ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မီး​တောက်​လောင်​သော​ချုံ​ပုတ်​ထဲ​၌ မော​ရှေ​ထံ ထင်​ရှား​လေ​၏။

31 ထို​ရူ​ပါ​ရုံ​ကို​မြင်​ရ​သော​အ​ခါ မော​ရှေ​သည်​အံ့​သြ​လျက် ၎င်း​ကို သေ​ချာ​စွာ​ကြည့်​ရှု​ရန် ချဉ်း​ကပ်​ရာ

32 ‘ငါ​သည် သင့်​ဘိုး​ဘေး​တို့​၏​ဘု​ရား၊ အာ​ဗြ​ဟံ၊ ဣ​ဇက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား​ဖြစ်​၏’​ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။ ထို​အ​ခါ မော​ရှေ​သည် တုန်​လှုပ်​လျက် မ​ကြည့်​ဝံ့​ဘဲ​နေ​၏။

33 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က ‘သင်​ရပ်​နေ​သော​နေ​ရာ​သည် သန့်​ရှင်း​သော​မြေ​ဖြစ်​၍ သင်​၏​ခြေ​မှ​ဖိ​နပ်​ကို​ချွတ်​လော့။

34 ငါ​သည် အီ​ဂျစ်​ပြည်​၌​ရှိ​သော ငါ​၏​လူ​မျိုး​တော်​ခံ​နေ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​ကို​တွေ့​မြင်​လျက် သူ​တို့​၏​ညည်း​တွား​သံ​ကို​ကြား​ရ​သည်​ဖြစ်​၍ သူ​တို့​ကို​ကယ်​နုတ်​ရန် ဆင်း​လာ​ပြီ။ ထို့​ကြောင့် ယ​ခု​လာ​ခဲ့​လော့။ သင့်​ကို အီ​ဂျစ်​ပြည်​သို့ ငါ​စေ​လွှတ်​မည်’​ဟု မိန့်​တော်​မူ​၏။

35 ဤ​သို့​ဖြင့် ‘မည်​သူ​သည် သင့်​ကို အ​ကြီး​အ​ကဲ​နှင့်​တ​ရား​သူ​ကြီး​အ​ရာ​၌ ခန့်​ထား​သ​နည်း’​ဟု ဆို​လျက် လူ​တို့​ငြင်း​ပယ်​ခဲ့​သော ထို​မော​ရှေ​ကို ဘု​ရား​သ​ခင်​သည် ချုံ​ပုတ်​ထဲ​၌ ထင်​ရှား​သော​ကောင်း​ကင်​တ​မန်​အား​ဖြင့် အ​ကြီး​အ​ကဲ​နှင့်​ရွေး​နုတ်​ကယ်​တင်​သူ​အ​ဖြစ် စေ​လွှတ်​တော်​မူ​၏။

36 သူ​သည် အစ္စ​ရေး​လူ​မျိုး​တို့​ကို​ထုတ်​ဆောင်​လာ​၍ အီ​ဂျစ်​ပြည်​၌​လည်း​ကောင်း၊ ပင်​လယ်​နီ​၌​လည်း​ကောင်း၊ အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တော​ကန္တာ​ရ​၌​လည်း​ကောင်း နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​ကို​ပြု​ခဲ့​၏။

အစ္စ​ရေး​လူ​မျိုး​တို့​ဘု​ရား​သ​ခင်​ကို​မ​နာ​ခံ​ခြင်း

37 ထို​မော​ရှေ​သည် အစ္စ​ရေး​အ​မျိုး​သား​တို့​အား ‘ဘု​ရား​သ​ခင်​သည် သင်​တို့​၏​ညီ​အစ်​ကို​များ​ထဲ​မှ ငါ​နှင့်​တူ​သော​ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်’​ဟု ပြော​ဆို​ခဲ့​သူ​ဖြစ်​၏။

38 သူ​သည် သိ​နာ​တောင်​၌ သူ့​အား​စ​ကား​ပြော​ခဲ့​သော​ကောင်း​ကင်​တ​မန်​မှ​စ​၍ ငါ​တို့​၏​ဘိုး​ဘေး​များ​နှင့်​အ​တူ တော​ကန္တာ​ရ​တွင်​ရှိ​သော​လူ​အ​စု​အ​ဝေး​ထဲ​၌​ရှိ​လျက် ငါ​တို့​အား​ပေး​အပ်​ရန် အ​သက်​ရှင်​သော​နှုတ်​က​ပတ်​တ​ရား​ကို လက်​ခံ​ရ​ရှိ​ခဲ့​၏။

39 သို့​သော် ငါ​တို့​၏​ဘိုး​ဘေး​များ​သည် သူ့​စ​ကား​ကို​နား​ထောင်​လို​သော​ဆန္ဒ​မ​ရှိ​ဘဲ သူ့​ကို​ပစ်​ပယ်​၍ သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ အီ​ဂျစ်​ပြည်​ကို​တမ်း​တ​ကာ

40 အာ​ရုန်​အား ‘ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော ထို​မော​ရှေ​သည် မည်​သို့​ဖြစ်​သွား​သည်​ကို ငါ​တို့​မ​သိ​ကြ​သည်​ဖြစ်​၍ ငါ​တို့​ရှေ့​မှ​ကြွ​သွား​မည့်​ဘု​ရား​များ​ကို ငါ​တို့​အ​တွက်​ပြု​လုပ်​ပေး​ပါ’​ဟု တောင်း​ဆို​ကြ​၏။

41 ဤ​သို့​ဖြင့် သူ​တို့​သည် ထို​နေ့​ရက်​များ​၌ နွား​သ​ငယ်​ရုပ်​ကို​သွန်း​လုပ်​၍ ထို​ရုပ်​တု​ထံ​သို့ ယဇ်​ကို​ယူ​ဆောင်​လာ​ကာ မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​အ​ရာ​၌ ပျော်​မွေ့​နေ​ကြ​၏။

42 ထို​အ​ခါ ဘု​ရား​သ​ခင်​သည် သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍ သူ​တို့​အား ကောင်း​ကင်​ကြယ်​တာ​ရာ​များ​ကို​ဝတ်​ပြု​စေ​ရန် စွန့်​ပစ်​ထား​တော်​မူ​၏။ ဤ​သည်​ကား ပ​ရော​ဖက်​ကျမ်း​တွင် ‘အစ္စ​ရေး​အ​မျိုး​တို့၊ သင်​တို့​သည် တော​ကန္တာ​ရ​တွင် နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင် ယဇ်​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​နှင့်​ယဇ်​များ​ကို ငါ့​ထံ​သို့ ယူ​ဆောင်​လာ​ခဲ့​ဖူး​သ​လော။

43 သင်​တို့​သည် မော​လုပ်​၏​တဲ​နှင့် သင်​တို့​ဘု​ရား​ရင်​ဖန်​၏​ကြယ်​တို့​ကို သယ်​ဆောင်​ခဲ့​ကြ​၏။ ၎င်း​တို့​သည် သင်​တို့​ကိုး​ကွယ်​ရန်​ပြု​လုပ်​ထား​သော ရုပ်​တု​များ​ဖြစ်​ကြ​၏။ ထို့​ကြောင့် ငါ​သည် သင်​တို့​ကို ဘေ​ဘီ​လုံ​မြို့​တစ်​ဖက်​လွန်​အောင် ပြောင်း​ရွှေ့​စေ​မည်’​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

ဘု​ရား​သ​ခင်​၏​စစ်​မှန်​သော​တဲ​တော်

44 ငါ​တို့​၏​ဘိုး​ဘေး​များ​အ​တွက် တော​ကန္တာ​ရ​တွင် သက်​သေ​ခံ​တဲ​တော်​ရှိ​၏။ ၎င်း​သည် မော​ရှေ​အား သူ​မြင်​ရ​သည့်​ပုံ​စံ​နှင့်​အ​ညီ​ပြု​လုပ်​ရန် မြွက်​ဆို​တော်​မူ​သော​အ​ရှင်​က မှာ​ကြား​သည့်​အ​တိုင်း ပြု​လုပ်​ထား​သော​တဲ​တော်​ဖြစ်​၏။

45 ငါ​တို့​၏​ဘိုး​ဘေး​များ​သည် ထို​တဲ​တော်​ကို​ဆက်​ခံ​၍ ငါ​တို့​ဘိုး​ဘေး​များ​ရှေ့​မှ ဘု​ရား​သ​ခင်​နှင်​ထုတ်​တော်​မူ​သော လူ​မျိုး​ခြား​တို့​၏​ပြည်​ကို သူ​တို့​သိမ်း​ပိုက်​ကြ​သော​အ​ခါ ယော​ရှု​နှင့်​အ​တူ ၎င်း​ကို​သယ်​ဆောင်​လာ​ကြ​၏။ ထို​တဲ​တော်​သည် ဒါ​ဝိဒ်​လက်​ထက်​တိုင်​အောင်​ရှိ​ခဲ့​၏။

46 ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ကျေး​ဇူး​တော်​ခံ​စား​ရ​၍ ယာ​ကုပ်​၏​ဘု​ရား​စံ​မြန်း​တော်​မူ​ရာ​အ​ရပ်​ကို​ပြင်​ဆင်​နိုင်​ရန် တောင်း​လျှောက်​ခဲ့​၏။

47 သို့​သော် ဘု​ရား​သ​ခင်​အ​တွက် အိမ်​တော်​ကို​တည်​ဆောက်​ခဲ့​သူ​မှာ ရှော​လ​မုန်​ဖြစ်​၏။

48 သို့​ရာ​တွင် အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ့​လက်​ဖြင့်​တည်​ဆောက်​သော​ဗိ​မာန်​များ​တွင် ကိန်း​ဝပ်​တော်​မ​မူ။

49 ဤ​သည်​ကား ‘ကောင်း​ကင်​သည် ငါ​၏​ပလ္လင်​ဖြစ်​၏။ မြေ​ကြီး​သည် ငါ​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ သင်​တို့​သည် မည်​သို့​သော​အိမ်​ကို ငါ့​အ​တွက်​တည်​ဆောက်​ကြ​မည်​နည်း။ မည်​သည့်​အ​ရပ်​သည် ငါ​နား​နေ​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။

50 ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏’​ဟူ​၍ ပ​ရော​ဖက်​ဆို​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ဆန့်​ကျင်​ဘက်​ပြု​ခြင်း

51 ခေါင်း​မာ​၍ နား​နှင့်​စိတ်​နှ​လုံး​တို့​၌ အ​ရေ​ဖျား​လှီး​ခြင်း​မ​ရှိ​သော​သူ​တို့၊ သင်​တို့​သည်​လည်း သင်​တို့​၏​ဘိုး​ဘေး​များ​နည်း​တူ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို အ​စဉ်​ဆန့်​ကျင်​ဘက်​ပြု​ကြ​၏။

52 သင်​တို့​ဘိုး​ဘေး​များ မ​ညှဉ်း​ဆဲ​ခဲ့​သော​ပ​ရော​ဖက်​တစ်​ပါး​ပါး​ရှိ​သ​လော။ သူ​တို့​သည် ဖြောင့်​မတ်​သော​အ​ရှင်​ကြွ​လာ​မည့်​အ​ကြောင်း ကြို​တင်​ဟော​ပြော​သော​သူ​များ​ကို​သတ်​ခဲ့​ကြ​၏။ ယ​ခု သင်​တို့​သည် ထို​ဖြောင့်​မတ်​သော​အ​ရှင်​ကို သစ္စာ​ဖောက်​သော​သူ​နှင့် သတ်​ဖြတ်​သော​သူ​များ​ဖြစ်​ကြ​ပြီ။

53 သင်​တို့​သည် ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် ပြဋ္ဌာန်း​ထား​သော​ပ​ညတ်​တ​ရား​ကို ရ​ရှိ​သော်​လည်း ၎င်း​ကို​စောင့်​ထိန်း​ခြင်း​မ​ရှိ​ကြ”​ဟု ဆို​လေ​၏။

ပ​ထ​မ​ဆုံး​ခ​ရစ်​ယာန်​မာ​တု​ရ

54 သူ​တို့​သည် ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ကြား​ကြ​သော​အ​ခါ သူ​တို့​၏​စိတ်​ထဲ​တွင် သ​တေ​ဖန်​အ​ပေါ် ပြင်း​စွာ​အ​မျက်​ထွက်​၍ အံ​ကြိတ်​ကြ​၏။

55 သို့​သော် သ​တေ​ဖန်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​လေ​ရာ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း မြင်​လျက်

56 “ကြည့်​ပါ။ ကောင်း​ကင်​သည်​ပွင့်​၍ လူ့​သား​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို ငါ​မြင်​၏”​ဟု ဆို​လေ​၏။

57 ထို​အ​ခါ သူ​တို့​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​လျက် နား​ကို​ပိတ်​ထား​ကာ သ​တေ​ဖန်​ထံ​သို့ တစ်​ဟုန်​ထိုး​ပြေး​လာ​၍

58 သူ့​ကို မြို့​ပြင်​သို့​ဆွဲ​ထုတ်​ပြီး​လျှင် ခဲ​နှင့်​ပေါက်​ကြ​၏။ သက်​သေ​တို့​သည် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ရှော​လု​ဟု​ခေါ်​သော လူ​ငယ်​တစ်​ဦး​၏​ခြေ​ရင်း​၌ ချ​ထား​ကြ​၏။

59 သူ​တို့​သည် သ​တေ​ဖန်​ကို ခဲ​နှင့်​ပေါက်​ကြ​စဉ် သ​တေ​ဖန်​သည် ပတ္ထ​နာ​ပြု​လျက် “သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို လက်​ခံ​တော်​မူ​ပါ”​ဟု မြွက်​ဆို​လေ​၏။

60 ထို့​နောက် သူ​သည် ဒူး​ထောက်​လျက် “သ​ခင်​ဘု​ရား၊ ဤ​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​တင်​တော်​မ​မူ​ပါ​နှင့်”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ပြီး​လျှင် အိပ်​ပျော်​ခြင်း​သို့​ရောက်​လေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28