တ​မန်​တော်​ဝတ္ထု 21 MSB

ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​သည့်​ခ​ရီး​အ​တွက် သ​တိ​ပေး​ခံ​ရ​ခြင်း

1 ငါ​တို့​သည် သူ​တို့​ထံ​မှ​ခွဲ​ခွာ​၍ ရွက်​လွှင့်​ကာ ကော​သ​ကျွန်း​သို့ တိုက်​ရိုက်​သွား​ကြ​၏။ နောက်​တစ်​နေ့​၌ ရော​ဒု​ကျွန်း​သို့​ရောက်​၍ ထို​နေ​ရာ​မှ​တစ်​ဖန် ပါ​တ​ရ​မြို့​သို့ သွား​ကြ​၏။

2 ထို့​နောက် ဖို​နီး​ရှား​နယ်​သို့​ကူး​သွား​မည့်​သင်္ဘော​တစ်​စင်း​ကို​တွေ့​သ​ဖြင့် ထို​သင်္ဘော​စီး​၍ ရွက်​လွှင့်​ကြ​၏။

3 ဆိုက်​ပ​ရပ်​ကျွန်း​ကို​မြင်​ကြ​သော​အ​ခါ ထို​ကျွန်း​ကို လက်​ဝဲ​ဘက်​မှ​ဖြတ်​ကျော်​လျက် ဆီး​ရီး​ယား​ပြည်​သို့ ရွက်​လွှင့်​ကြ​၏။ သင်္ဘော​သည် တိုင်​ရာ​မြို့​၌ ကုန်​ပစ္စည်း​ချ​ရန်​ရှိ​သော​ကြောင့် ထို​မြို့​တွင်​ဆိုက်​လေ​၏။

4 ငါ​တို့​သည် တ​ပည့်​တော်​တို့​ကို​တွေ့​၍ ထို​အ​ရပ်​၌ ခု​နစ်​ရက်​နေ​ကြ​၏။ သူ​တို့​သည် ပေါ​လု​အား ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​မ​သွား​ရန် ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော​ကြ​၏။

5 သို့​သော် ထို​နေ့​ရက်​များ​စေ့​သော​အ​ခါ ငါ​တို့​သည် ခ​ရီး​ဆက်​ရန် ထွက်​ခွာ​ကြ​၏။ သူ​တို့​အား​လုံး​သည် ဇ​နီး​သား​သ​မီး​များ​နှင့်​အ​တူ မြို့​ပြင်​အ​ထိ ငါ​တို့​ကို​လိုက်​ပို့​ကြ​၏။ ငါ​တို့​သည် ပင်​လယ်​ကမ်း​ခြေ​တွင် ဒူး​ထောက်​လျက်​ဆု​တောင်း​ပြီး​နောက်

6 တစ်​ဦး​နှင့်​တစ်​ဦး​နှုတ်​ဆက်​ကြ​၍ ငါ​တို့​သည် သင်္ဘော​ပေါ်​သို့​တက်​ကာ သူ​တို့​သည်​မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ​၏။

7 ထို့​နောက် ပ​တော​လင်​မြို့​သို့​ရောက်​၍ တိုင်​ရာ​မြို့​မှ ငါ​တို့​ထွက်​လာ​သည့် ပင်​လယ်​ခ​ရီး​ပြီး​ဆုံး​လေ​၏။ ငါ​တို့​သည် ထို​မြို့​၌​ရှိ​သော​ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​၍ သူ​တို့​နှင့်​အ​တူ တစ်​ရက်​နေ​ကြ​၏။

8 နောက်​တစ်​နေ့​တွင် ထွက်​ခွာ​၍ ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​ပြီး​လျှင် ရွေး​ကောက်​ခံ​ရ​သူ​ခု​နစ်​ဦး​ထဲ​မှ တစ်​ဦး​ဖြစ်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ဟော​ပြော​သူ ဖိ​လိပ္ပု​၏​အိမ်​သို့​ဝင်​၍ သူ့​ထံ​၌​တည်း​ခို​ကြ​၏။

9 ထို​သူ​၌ ပ​ရော​ဖက်​ပြု​ဟော​ပြော​သည့် အ​ပျို​က​ညာ​သ​မီး​လေး​ယောက်​ရှိ​၏။

10 ရက်​အ​တန်​ကြာ​နေ​ပြီး​သော​အ​ခါ အာ​ဂ​ဗု​အ​မည်​ရှိ​သော ပ​ရော​ဖက်​တစ်​ဦး​သည် ယု​ဒ​ပြည်​မှ​ဆင်း​လာ​၏။

11 ထို​သူ​သည် ငါ​တို့​ထံ​လာ​၍ ပေါ​လု​၏​ခါး​ပန်း​ကို​ယူ​ပြီး​လျှင် မိ​မိ​၏​ခြေ​နှင့်​လက်​တို့​ကို ချည်​နှောင်​ကာ “ဂျူး​လူ​မျိုး​တို့​သည် ဤ​ခါး​ပန်း​ပိုင်​ရှင်​ကို ဂျေ​ရု​ဆ​လင်​မြို့​တွင် ဤ​ကဲ့​သို့​ချည်​နှောင်​၍ လူ​မျိုး​ခြား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ​၏”​ဟု ဆို​လေ​၏။

12 ထို​စ​ကား​ကို​ကြား​လျှင် ငါ​တို့​နှင့်​ဒေ​သ​ခံ​တို့​သည် ပေါ​လု​အား ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​မ​သွား​ရန် တောင်း​ပန်​ကြ​၏။

13 ထို​အ​ခါ ပေါ​လု​က “သင်​တို့​သည် ငို​ကြွေး​လျက် ငါ​၏​စိတ်​နှ​လုံး​ကို​ကြေ​ကွဲ​စေ​လျက် မည်​သည့်​အ​ရာ​ကို ပြု​ကြ​သ​နည်း။ ငါ​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အ​တွက် ဂျေ​ရု​ဆ​လင်​မြို့​၌ ချည်​နှောင်​ခြင်း​ခံ​ရ​ရန်​သာ​မ​က အ​သေ​ခံ​ရန်​ပင် အ​သင့်​ရှိ​သည်”​ဟု ပြန်​ပြော​၏။

14 ငါ​တို့​သည် သူ့​ကို​ဖျောင်း​ဖျ​၍​မ​ရ​သ​ဖြင့် “သ​ခင်​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​ပါ​စေ”​ဟု ဆို​လျက် တိတ်​ဆိတ်​သွား​ကြ​၏။

15 ထို​နေ့​ရက်​များ​လွန်​ပြီး​နောက် ငါ​တို့​သည် ထုပ်​ပိုး​ပြင်​ဆင်​လျက် ဂျေ​ရု​ဆ​လင်​မြို့​သို့ တက်​သွား​ကြ​၏။

16 ဆီ​ဇာ​ရီး​ယား​မြို့​မှ တ​ပည့်​တော်​အ​ချို့​တို့​သည်​လည်း ငါ​တို့​နှင့်​အ​တူ​လိုက်​ပါ​၍ ငါ​တို့​တည်း​ခို​ရန်​စီ​စဉ်​ထား​သည့် က​န​ဦး​တ​ပည့်​တော်​ဖြစ်​သော ဆိုက်​ပ​ရပ်​ကျွန်း​သား မ​နာ​သုန်​ထံ​သို့ ခေါ်​သွား​ကြ​၏။

ယာ​ကုပ်​ကို​ပေါ​လု​ဝင်​တွေ့​ခြင်း

17 ဂျေ​ရု​ဆ​လင်​မြို့​သို့ ငါ​တို့​ရောက်​ကြ​သော​အ​ခါ ညီ​အစ်​ကို​များ​သည် ငါ​တို့​ကို လှိုက်​လှဲ​စွာ​ကြို​ဆို​ကြ​၏။

18 နောက်​တစ်​နေ့​၌ ပေါ​လု​သည် ငါ​တို့​နှင့်​အ​တူ ယာ​ကုပ်​ထံ​သို့​ဝင်​လျှင် အ​သင်း​တော်​အ​ကြီး​အ​ကဲ​အား​လုံး​တို့​သည်​လည်း ရောက်​နေ​ကြ​၏။

19 ပေါ​လု​သည် သူ​တို့​ကို​နှုတ်​ဆက်​ပြီး​လျှင် မိ​မိ​၏​အ​မှု​တော်​လုပ်​ငန်း​အား​ဖြင့် လူ​မျိုး​ခြား​တို့​၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​ကြောင်း​အ​ရာ​တို့​ကို တစ်​ခု​ချင်း​ပြော​ပြ​လေ​၏။

20 ထို​သူ​တို့​သည်​ကြား​လျှင် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။ ထို့​နောက် သူ​တို့​သည် ပေါ​လု​အား “ငါ​တို့​ညီ၊ သင်​သိ​မြင်​သည့်​အ​တိုင်း ဂျူး​လူ​မျိုး​တို့​တွင် ယုံ​ကြည်​လာ​သူ​ထောင်​ပေါင်း​များ​စွာ​ရှိ​၍ သူ​တို့​အား​လုံး​သည် ပ​ညတ်​တ​ရား​၌ စိတ်​အား​ထက်​သန်​သူ​များ​ဖြစ်​ကြ​၏။

21 သင်​သည် လူ​မျိုး​ခြား​တို့​ထဲ​၌​နေ​ထိုင်​ကြ​သော ဂျူး​လူ​မျိုး​အား​လုံး​တို့​အား က​လေး​များ​ကို အ​ရေ​ဖျား​လှီး​ခြင်း​မ​ပေး​ကြ​ရန်​နှင့် ဓ​လေ့​ထုံး​စံ​အ​တိုင်း မ​လိုက်​လျှောက်​ကြ​ရန် ပြော​ဆို​လျက် မော​ရှေ​၏​တ​ရား​ကို​စွန့်​ပယ်​ရန် သွန်​သင်​နေ​သည်​ဟု သင့်​အ​ကြောင်း​ကို သူ​တို့​ကြား​သိ​ထား​၏။

22 သို့​ဖြစ်​၍ မည်​သို့​ပြု​ကြ​မည်​နည်း။ သင်​ရောက်​ရှိ​နေ​ကြောင်း သူ​တို့​ကြား​ကြ​မည်​သေ​ချာ​၏။

23 ထို့​ကြောင့် သင့်​ကို ငါ​တို့​ပြော​သည့်​အ​တိုင်း ပြု​ပါ​လော့။ ငါ​တို့​တွင် အ​ဓိဋ္ဌာန်​ပြု​ထား​သော လူ​လေး​ဦး​ရှိ​၏။

24 ထို​သူ​တို့​ကို ခေါ်​သွား​၍ သူ​တို့​နှင့်​အ​တူ သန့်​ရှင်း​စင်​ကြယ်​ခြင်း​ဝတ်​ကို​ခံ​ယူ​လျက် သူ​တို့​ခေါင်း​ကို ခေါင်း​တုံး​ရိတ်​ရန် သူ​တို့​အ​တွက် စ​ရိတ်​ခံ​ပေး​ပါ​လော့။ သို့​ပြု​လျှင် သင်​နှင့်​ပတ်​သက်​၍ သူ​တို့​ကြား​သိ​ထား​သော​သ​တင်း​သည် မ​ဟုတ်​မ​မှန်​ဘဲ သင်​ကိုယ်​တိုင် ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​လျက် လိုက်​လျှောက်​နေ​ကြောင်း သူ​တို့​အား​လုံး​သိ​ကြ​လိမ့်​မည်။

25 လူ​မျိုး​ခြား​တို့​ထဲ​မှ ယုံ​ကြည်​လာ​သော​သူ​တို့​အ​တွက်​မူ​ကား ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ၊ သွေး၊ လည်​ညှစ်​သတ်​ထား​သော​တိ​ရစ္ဆာန်​နှင့် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​တို့​ကို ရှောင်​ကြဉ်​ရန် ငါ​တို့​ဆုံး​ဖြတ်​၍ စာ​ရေး​သား​ပေး​ပို့​ကြ​ပြီ”​ဟု ဆို​ကြ​၏။

ဗိ​မာန်​တော်​၌ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း

26 ထို​အ​ခါ ပေါ​လု​သည် ထို​လူ​လေး​ဦး​တို့​ကို​ခေါ်​၍ နောက်​တစ်​နေ့​၌ သူ​တို့​နှင့်​အ​တူ သန့်​ရှင်း​စင်​ကြယ်​ခြင်း​ဝတ်​ကို​ခံ​ယူ​လျက် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​ကာ သူ​တို့​တစ်​ဦး​စီ​အ​တွက် ပူ​ဇော်​သက္ကာ​ဆက်​သ​မည့်​အ​ချိန်​ဖြစ်​သည့် သန့်​ရှင်း​စင်​ကြယ်​ခြင်း​ဝတ်​ကို​ခံ​ယူ​သည့် နေ့​ရက်​များ​ပြီး​ဆုံး​မည့်​အ​ချိန်​ကို အ​သိ​ပေး​လေ​၏။

27 ခု​နစ်​ရက်​ကာ​လ​ပြည့်​လု​နီး​သော​အ​ခါ အာ​ရှ​ပြည်​မှ​လာ​သော​ဂျူး​လူ​မျိုး​အ​ချို့​တို့​သည် ပေါ​လု​ကို ဗိ​မာန်​တော်​၌​တွေ့​ကြ​လျှင် လူ​ထု​ပ​ရိ​သတ်​အား​လုံး​ကို ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​စေ​၍ သူ့​ကို​ဖမ်း​ဆီး​ကာ

28 “အစ္စ​ရေး​အ​မျိုး​သား​တို့၊ ကူ​ညီ​ကြ​ပါ။ ဤ​သူ​သည် လူ​မျိုး​တော်​ကို​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ကို​လည်း​ကောင်း၊ ဤ​နေ​ရာ​ကို​လည်း​ကောင်း ဆန့်​ကျင်​လျက် အ​ရပ်​ရပ်​တို့​၌ လူ​အ​ပေါင်း​တို့​အား သွန်​သင်​နေ​သူ​ဖြစ်​၏။ ထို​မျှ​မ​က ဂ​ရိ​လူ​မျိုး​တို့​ကို​လည်း ဗိ​မာန်​တော်​ထဲ​သို့​ခေါ်​ဆောင်​လာ​၍ ဤ​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ​ပါ​ပြီ”​ဟု အော်​ဟစ်​ကြ​၏။

29 ထို​သို့​ဆို​ခြင်း​မှာ သူ​တို့​သည် ဧ​ဖက်​မြို့​သား တ​ရော​ဖိမ်​ကို ပေါ​လု​နှင့်​အ​တူ မြို့​ထဲ​၌​တွေ့​ခဲ့​သ​ဖြင့် ပေါ​လု​သည် ထို​သူ​ကို ဗိ​မာန်​တော်​ထဲ​သို့​ခေါ်​ဆောင်​ခဲ့​သည်​ဟု ထင်​မှတ်​သော​ကြောင့်​ဖြစ်​၏။

30 ထို​အ​ခါ တစ်​မြို့​လုံး​ဆူ​ပူ​လှုပ်​ရှား​၍ လူ​တို့​သည် ပြေး​လာ​ကြ​ကာ ပေါ​လု​ကို​ဖမ်း​ဆီး​လျက် ဗိ​မာန်​တော်​အ​ပြင်​သို့ ဆွဲ​ထုတ်​ပြီး​လျှင် တံ​ခါး​များ​ကို ချက်​ချင်း​ပိတ်​လိုက်​ကြ​၏။

31 လူ​တို့​သည် ပေါ​လု​ကို​သတ်​ရန် ကြိုး​စား​နေ​ကြ​စဉ် ဂျေ​ရု​ဆ​လင်​တစ်​မြို့​လုံး ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​နေ​သည်​ဟူ​သော​သ​တင်း​သည် တပ်​ဖွဲ့​တစ်​ဖွဲ့​၏​တပ်​မှူး​ကြီး​ထံ ရောက်​လေ​၏။

32 သူ​သည် ချက်​ချင်း​ပင် စစ်​သား​များ​နှင့်​တပ်​မှူး​တို့​ကို​ခေါ်​၍ သူ​တို့​ထံ​သို့ ပြေး​ဆင်း​လာ​၏။ လူ​တို့​သည် တပ်​မှူး​ကြီး​နှင့်​စစ်​သား​တို့​ကို​မြင်​လျှင် ပေါ​လု​ကို​ရိုက်​နှက်​နေ​ခြင်း​မှ ရပ်​တန့်​ကြ​၏။

33 ထို​အ​ခါ တပ်​မှူး​ကြီး​သည် အ​နီး​သို့​ရောက်​လာ​၍ ပေါ​လု​ကို​ဖမ်း​ဆီး​ကာ သံ​ကြိုး​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ထား​ရန် အ​မိန့်​ပေး​ပြီး​လျှင် ပေါ​လု​သည် မည်​သူ​ဖြစ်​ကြောင်း​နှင့် မည်​သည့်​အ​မှု​ပြု​ခဲ့​ကြောင်း​ကို မေး​မြန်း​လေ​၏။

34 သို့​သော် လူ​ထု​ပ​ရိ​သတ်​ထဲ​မှ တစ်​ယောက်​တစ်​မျိုး​အော်​ဟစ်​နေ​ကြ​၍ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​နေ​သော​ကြောင့် တပ်​မှူး​သည် အ​ဖြစ်​မှန်​ကို​မ​သိ​နိုင်​သ​ဖြင့် ပေါ​လု​ကို စ​ခန်း​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန် အ​မိန့်​ပေး​လေ​၏။

35 ပေါ​လု​သည် လှေ​ကား​နား​သို့​ရောက်​သော​အ​ခါ လူ​တို့​၏​အ​ကြမ်း​ဖက်​မှု​ကြောင့် စစ်​သား​များ​သည် သူ့​ကို ချီ​မ​၍​ခေါ်​သွား​ရ​ကြ​၏။

36 အ​ကြောင်း​မူ​ကား များ​စွာ​သော​လူ​တို့​သည် နောက်​မှ​လိုက်​လာ​၍ “သူ့​ကို​သုတ်​သင်​လိုက်​ပါ”​ဟု အော်​ဟစ်​နေ​ကြ​၏။

လူ​ထု​ပ​ရိ​သတ်​ရှေ့​၌ ပေါ​လု​ချေ​ပ​ပြော​ဆို​ခြင်း

37 သူ့​ကို စ​ခန်း​ထဲ​သို့​ခေါ်​ဆောင်​သွား​မည်​ပြု​စဉ်​တွင် ပေါ​လု​သည် တပ်​မှူး​ကြီး​အား “သင်​နှင့်​အ​နည်း​ငယ် အ​ကျွန်ုပ်​စ​ကား​ပြော​ခွင့်​ရ​မည်​လော”​ဟု ဆို​၏။ တပ်​မှူး​ကြီး​က​လည်း “သင်​သည် ဂ​ရိ​စ​ကား​ကို​ပြော​တတ်​သ​လော။

38 သို့​ဖြစ်​လျှင် သင်​သည် ဤ​နေ့​များ​မ​တိုင်​မီ​က ပုန်​ကန်​ထ​ကြွ​လျက် အ​ကြမ်း​ဖက်​သ​မား​လေး​ထောင်​ကို တော​ကန္တာ​ရ​ထဲ​သို့ ခေါ်​ဆောင်​သွား​သည့် အီ​ဂျစ်​အ​မျိုး​သား​မ​ဟုတ်​လော”​ဟု မေး​လေ​၏။

39 ပေါ​လု​က​လည်း “အ​ကျွန်ုပ်​သည် ဂျူး​လူ​မျိုး​ဖြစ်​ပြီး ဆီ​လီ​ဆီး​ယား​ပြည်​၏​ထင်​ရှား​သော​မြို့​ဖြစ်​သည့် တာ​ရှု​မြို့​မှ​လာ​သော ပြည်​သား​တစ်​ယောက်​ဖြစ်​ပါ​သည်။ လူ​တို့​အား စ​ကား​ပြော​ခွင့်​ပြု​ရန် သင့်​ကို အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်”​ဟု ဆို​လေ​၏။

40 တပ်​မှူး​ကြီး​က​လည်း ခွင့်​ပြု​သ​ဖြင့် ပေါ​လု​သည် လှေ​ကား​ပေါ်​တွင်​ရပ်​လျက် လူ​တို့​အား လက်​ရိပ်​ပြ​ရာ အ​လွန်​တိတ်​ဆိတ်​သွား​လေ​၏။ ထို​အ​ခါ သူ​သည် ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့် ပြော​ကြား​၍

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28