1-2 အို သော်ဖိလု၊ ယေရှုသည် အမှုတော်ဆောင်ရွက်ခြင်းနှင့် သွန်သင်ခြင်းတို့ကို အစပြုတော်မူသည့်အချိန်မှစ၍ ရွေးကောက်တော်မူသောတမန်တော်များကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မိန့်မှာတော်မူပြီးနောက် အထက်သို့ဆောင်ယူခြင်းခံတော်မူသောနေ့တိုင်အောင် ဖြစ်ပျက်သမျှတို့ကို ပထမစာစောင်၌ ငါရေးသားဖော်ပြခဲ့၏။
3 ကိုယ်တော်သည် ဒုက္ခဝေဒနာခံစားတော်မူပြီးနောက် မိမိအသက်ရှင်လျက်ရှိကြောင်း ထိုတမန်တော်တို့အား အထောက်အထားများစွာတို့ဖြင့်ပြသကာ ရက်ပေါင်းလေးဆယ်အတွင်း သူတို့ထံထင်ရှား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။
4 ထို့နောက် အတူတကွစုရုံးနေကြစဉ် ကိုယ်တော်က သူတို့အား “ဂျေရုဆလင်မြို့မှ ထွက်ခွာမသွားဘဲ ငါ့ထံမှ သင်တို့ကြားရသော ခမည်းတော်၏ကတိတော်ကို စောင့်နေကြလော့။
5 အကြောင်းမှာ ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား မကြာမီအတွင်း သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံကြရလိမ့်မည်”ဟု မိန့်မှာတော်မူ၏။
6 တစ်ဖန် သူတို့စုဝေးလာကြသောအခါ သူတို့ကကိုယ်တော်အား “သခင်ဘုရား၊ ကိုယ်တော်သည် ယခုအချိန်တွင် အစ္စရေးလူမျိုးအတွက် နိုင်ငံကို ပြန်လည်ထူထောင်ပေးတော်မူမည်လော”ဟု မေးလျှောက်ကြ၏။
7 ကိုယ်တော်ကလည်း “ခမည်းတော်သည် မိမိအခွင့်အာဏာဖြင့် စီရင်တော်မူသောကာလများနှင့်အချိန်အခါတို့ကို သင်တို့သိရန်မလိုအပ်ပေ။
8 သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
9 ထိုသို့မိန့်တော်မူပြီးနောက် သူတို့ကြည့်ရှုလျက်နေကြစဉ် ကိုယ်တော်သည် အထက်သို့ချီဆောင်ခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့မြင်ကွင်းမှဆောင်ယူသွားလေ၏။
10 ထိုသို့ ကိုယ်တော်တက်သွားတော်မူစဉ် သူတို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်နေကြရာ ဖြူဖွေးသောအဝတ်ကိုဝတ်ဆင်ထားသော လူနှစ်ဦးတို့သည် သူတို့အနီး၌ရပ်၍
11 “ဂါလိလဲနယ်သားတို့၊ အဘယ်ကြောင့်ရပ်လျက် ကောင်းကင်ကို စူးစိုက်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် ကောင်းကင်သို့တက်သွားတော်မူသည်ကို သင်တို့မြင်ရသည့်အတိုင်းပင် တစ်ဖန်ကြွလာတော်မူလိမ့်မည်”ဟု မြွက်ဆိုကြ၏။
12 ထို့နောက် သူတို့သည် သံလွင်အမည်ရှိသောတောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ ထိုတောင်သည် ဂျေရုဆလင်မြို့အနီး၊ ဥပုသ်နေ့ခရီးအကွာအဝေး၌ရှိ၏။
13 သူတို့သည် မြို့ထဲသို့ဝင်သောအခါ မိမိတို့တည်းနေသော အိမ်၏အထက်ခန်းသို့တက်ကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ယာကုပ်၏သားယုဒတို့ဖြစ်ကြ၏။
14 သူတို့အားလုံးသည် အမျိုးသမီးများနှင့် ယေရှု၏မယ်တော်မာရိမှစ၍ ကိုယ်တော်၏ညီတော်များနှင့်အတူ တစ်စိတ်တစ်သဘောတည်းဖြင့် ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုနေကြ၏။
15 ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
16 “ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသောသူတို့အား လမ်းပြပေးသူဖြစ်သည့် ယုဒဣရှကာရုတ်နှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်၏နှုတ်အားဖြင့် ကြိုတင်ဟောကြားထားသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဖြစ်၏။
17 အကြောင်းမူကား ယုဒသည် ငါတို့ထဲ၌ထည့်သွင်းရေတွက်ခြင်းခံရပြီး ဤအမှုတော်လုပ်ငန်းတွင် ပါဝင်ခွင့်ကိုရရှိခဲ့၏။
18 သူသည် မတရားမှုကြောင့်ရရှိသောအဖိုးအခဖြင့် မြေတစ်ကွက်ကိုဝယ်ယူပြီးနောက် ဇောက်ထိုးကျလျက် ဝမ်းဗိုက်ပေါက်သဖြင့် သူ၏အူများအကုန်ထွက်ကျလေ၏။
19 ထိုအကြောင်းကို ဂျေရုဆလင်မြို့၌ နေထိုင်သောသူအပေါင်းတို့သည်သိ၍ ထိုမြေကို မိမိတို့ဘာသာစကားဖြင့် အကေလဒမဟုခေါ်ဆိုကြ၏။ ၎င်း၏အဓိပ္ပာယ်မှာ သွေးမြေဟူ၍ဖြစ်၏။
20 အမှန်စင်စစ် ဆာလံကျမ်း၌ ‘သူ၏နေရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်ပါစေ။ ထိုအရပ်၌ နေထိုင်သောသူမရှိပါစေနှင့်။ သူ၏အရိုက်အရာကိုလည်း အခြားသူယူပါစေ’ဟု ရေးထား၏။
21 ထို့ကြောင့် သခင်ယေရှုသည် ငါတို့ထံ၌ ဝင်ထွက်သွားလာသည့်အချိန်တစ်လျှောက်လုံး၊
22 တစ်နည်းအားဖြင့် ယောဟန်ဗတ္တိဇံပေးသည့်အချိန်မှစ၍ ငါတို့ထံမှ အထက်သို့ ဆောင်ယူခြင်းကိုခံတော်မူသည့်နေ့ရက်တိုင်အောင် ငါတို့နှင့်လိုက်ပါသူများထဲမှ တစ်ဦးသည် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ငါတို့နှင့်အတူ သက်သေခံသူဖြစ်ရမည်”ဟု ဆိုလေ၏။
23 ထိုအခါ သူတို့သည် ယုစတုအမည်ရှိသောဗာရှဗခေါ်ယောသပ်နှင့်မဿိတို့နှစ်ဦးကို အဆိုပြုလျက်
24 “လူအပေါင်းတို့၏စိတ်နှလုံးကို သိတော်မူသောသခင်ဘုရား၊
25 ယုဒသည် မိမိနေရာသို့သွားရန် တမန်တော်အရိုက်အရာမှ ရွေ့လျောဖောက်ပြန်သွားသည်ဖြစ်၍ ဤအမှုတော်လုပ်ငန်းနှင့် တမန်တော်အရိုက်အရာကိုဆက်ခံရန် ဤသူနှစ်ဦးထဲမှ ကိုယ်တော်ရွေးကောက်သောသူကို ဖော်ပြတော်မူပါ”ဟု ဆုတောင်းကြ၏။
26 ထို့နောက် ထိုသူနှစ်ဦးအတွက်မဲချကြရာ မဿိအပေါ်မဲကျသဖြင့် သူသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူ တမန်တော်စာရင်းဝင်လေ၏။