1 ပေါလုသည် တရားလွှတ်တော်အဖွဲ့ကို စေ့စေ့ကြည့်လျက် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ ကြည်လင်သောအသိစိတ်အပြည့်အဝဖြင့် ပြုမူနေထိုင်ခဲ့သည်”ဟု ဆို၏။
2 ထိုအခါ ယဇ်ပုရောဟိတ်မင်းအာနနိသည် သူ့အနီး၌ရပ်နေသောသူတို့အား သူ၏နှုတ်ကိုရိုက်ကြရန် အမိန့်ပေး၏။
3 ပေါလုကလည်း “ထုံးဖြူသုတ်ထားသည့်အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကို ရိုက်တော်မူမည်။ သင်သည် ထိုင်၍ အကျွန်ုပ်ကို ပညတ်တရားအတိုင်းစစ်ဆေးစီရင်လျက်နှင့် ပညတ်တရားကိုချိုးဖောက်ပြီး အကျွန်ုပ်ကိုရိုက်ရန် အမိန့်ပေးသလော”ဟု ဆို၏။
4 ထိုအခါ အနီး၌ရပ်နေသောသူတို့က “သင်သည် ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းကို ပုတ်ခတ်ပြောဆိုသလော”ဟု ဆိုကြ၏။
5 ပေါလုကလည်း “ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အမှန်စင်စစ် ‘သင့်လူမျိုး၏အကြီးအကဲကို သင်သည် မကောင်းမပြောရ’ဟု ကျမ်းစာ၌ရေးထားသည်”ဟု ဆိုလေ၏။
6 ပေါလုသည် ထိုသူတို့ထဲတွင် တစ်ဖွဲ့မှာ ဇဒ္ဒုကဲများဖြစ်ကြပြီး အခြားတစ်ဖွဲ့မှာ ဖာရိရှဲများဖြစ်ကြသည်ကို သိမြင်လျှင် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါသည်။ အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းကြောင့် စစ်ဆေးစီရင်ခံနေရပါသည်”ဟု တရားလွှတ်တော်ရှေ့တွင် အော်ဟစ်ပြောဆိုလေ၏။
7 ဤကဲ့သို့ ပေါလုပြောဆိုလိုက်သောအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့အကြားတွင် သဘောထားကွဲလွဲမှုဖြစ်ပေါ်၍ အစုအဝေးသည် အုပ်စုကွဲသွားလေ၏။
8 အကြောင်းမူကား ဇဒ္ဒုကဲတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်နှင့်ဝိညာဉ်လည်းမရှိဟုဆိုကြ၏။ ဖာရိရှဲတို့မူကား ဤအရာအားလုံးရှိသည်ဟုခံယူကြ၏။
9 ထို့နောက် အော်ဟစ်သံများ ကျယ်လောင်လာပြီး ဖာရိရှဲတို့အဖွဲ့မှ ကျမ်းပြုဆရာအချို့တို့သည်ထ၍ “ဤသူ၌ မည်သည့်အပြစ်ကိုမျှ ငါတို့မတွေ့။ ဝိညာဉ် သို့မဟုတ် ကောင်းကင်တမန်တစ်ပါးပါးက သူ့အားမြွက်ဆိုခဲ့သည်ဆိုလျှင် မည်သို့နည်း”ဟု ပြင်းထန်စွာငြင်းခုံပြောဆိုကြ၏။
10 သဘောထားကွဲလွဲမှုပြင်းထန်လာ၍ သူတို့သည် ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို တပ်မှူးကြီးသည် စိုးရိမ်သဖြင့် စစ်သားများအား ဆင်းသွား၍ ပေါလုကို သူတို့ထံမှ မရမကခေါ်ဆောင်လာပြီး စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေးလေ၏။
11 ထိုည၌ သခင်ဘုရားသည် ပေါလုထံပါး၌ပေါ်လာ၍ “မစိုးရိမ်နှင့်။ အကြောင်းမူကား သင်သည် ဂျေရုဆလင်မြို့၌ ငါ့အကြောင်းကို သက်သေခံခဲ့သည်နည်းတူ ရောမမြို့၌လည်း သက်သေခံရမည်”ဟု မိန့်တော်မူ၏။
12 မိုးလင်းသောအခါ ဂျူးလူမျိုးတို့သည် ပူးပေါင်းကြံစည်လျက် ပေါလုကိုမသတ်ရမချင်း မည်သည့်အရာကိုမျှ မစားမသောက်ရန် ကျိန်ဆိုကြ၏။
13 ဤလျှို့ဝှက်ကြံစည်မှုတွင်ပါဝင်သောသူများသည် အယောက်လေးဆယ်ကျော်ရှိကြ၏။
14 သူတို့သည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်သက်ကြီးဝါကြီးများထံ ချဉ်းကပ်လျက် “အကျွန်ုပ်တို့သည် ပေါလုကိုမသတ်ရမချင်း မည်သည့်အစာကိုမျှ မမြည်းမစမ်းဟု အလေးအနက်ကျိန်ဆိုထားကြပါသည်။
15 သို့ဖြစ်၍ ယခု အရှင်တို့သည် တရားလွှတ်တော်အဖွဲ့နှင့်အတူ ပေါလု၏အမှုကို ပို၍တိကျစွာစစ်ဆေးလိုဟန်ပြုလျက် သူ့ကို အရှင်တို့ထံသို့ခေါ်ဆောင်လာရန်တပ်မှူးကြီးအား လျှောက်ထားကြပါ။ အကျွန်ုပ်တို့သည် ဤနေရာသို့ သူမရောက်လာမီ သူ့ကိုသတ်ရန် အသင့်ရှိနေပါမည်”ဟု ပြောကြားကြ၏။
16 သို့သော် ပေါလုနှမ၏သားသည် ထိုချောင်းမြောင်းသတ်ဖြတ်မည့်အစီအစဉ်ကိုကြားလျှင် စခန်းထဲသို့ဝင်၍ ပေါလုအား ပြောပြလေ၏။
17 ထိုအခါ ပေါလုသည် တပ်မှူးတစ်ယောက်ကိုခေါ်၍ “ဤလူငယ်သည် တပ်မှူးကြီးအား ပြောပြစရာတစ်စုံတစ်ခုရှိပါသဖြင့် သူ့ကို တပ်မှူးကြီးထံ ခေါ်သွားပေးပါ”ဟု ဆိုလေ၏။
18 ထို့ကြောင့် တပ်မှူးသည် သူ့ကိုခေါ်ဆောင်၍ တပ်မှူးကြီးထံသို့ သွားပြီးလျှင် “အကျဉ်းသားပေါလုက အကျွန်ုပ်ကိုခေါ်၍ ဤလူငယ်ကို အရှင့်ထံခေါ်လာရန် တောင်းဆိုပါသည်။ သူ၌ အရှင့်ထံလျှောက်ထားစရာ တစ်စုံတစ်ခုရှိပါသည်”ဟု လျှောက်လေ၏။
19 တပ်မှူးကြီးသည် ထိုလူငယ်၏လက်ကိုဆွဲ၍ သီးသန့်ခေါ်ထုတ်သွားကာ “ငါ့ကိုပြောပြစရာရှိသည့်အရာကား မည်သည့်အရာနည်း”ဟု မေးမြန်းလေ၏။
20 ထိုလူငယ်ကလည်း “ဂျူးလူမျိုးတို့သည် ပေါလုကို ပို၍တိကျစွာမေးမြန်းလိုဟန်ပြုလျက် မနက်ဖြန် သူ့ကို တရားလွှတ်တော်ထံသို့ခေါ်ဆောင်သွားရန် အရှင့်အား တောင်းဆိုမည်ဟုသဘောတူဆုံးဖြတ်ထားကြပါသည်။
21 သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
22 ထိုအခါ တပ်မှူးကြီးက “ဤအရာများကို ငါ့အား သင်ပြောပြကြောင်း မည်သူ့ကိုမျှ မပြောနှင့်”ဟု အမိန့်ပေးပြီးလျှင် ထိုလူငယ်ကို ပြန်လွှတ်လိုက်လေ၏။
23 ထို့နောက် တပ်မှူးကြီးသည် တပ်မှူးနှစ်ဦးကိုခေါ်၍ “ညကိုးနာရီအချိန်၌ ဆီဇာရီးယားမြို့သို့သွားရန် စစ်သားနှစ်ရာ၊ လှံတပ်သားနှစ်ရာနှင့် မြင်းတပ်သားခုနစ်ဆယ်တို့ကို ပြင်ဆင်ကြလော့။
24 ပေါလုစီးနင်းရန် တိရစ္ဆာန်များကိုလည်း အသင့်ပြင်ထားလျက် သူ့ကို ဘုရင်ခံဖေလဇ်မင်းထံ ဘေးကင်းစွာပို့ဆောင်လော့”ဟု မှာကြားလေ၏။
25 ထို့နောက် စာကို ဤသို့ရေးပို့လိုက်လေ၏။
26 “ကလောဒိလုသိသည် မြတ်သောဘုရင်ခံဖေလဇ်မင်းကို နှုတ်ခွန်းဆက်သလိုက်ပါသည်။
27 ဂျူးလူမျိုးတို့သည် ဤသူကိုဖမ်းဆီး၍ သတ်မည်ပြုစဉ် သူသည် ရောမနိုင်ငံသားဖြစ်ကြောင်း ကြားသိရသဖြင့် အကျွန်ုပ်သည် စစ်သားများနှင့်အတူသွား၍ သူ့ကို ကယ်ခဲ့ပါသည်။
28 သူတို့သည် မည်သည့်ပြစ်မှုဖြင့် သူ့ကိုစွဲဆိုကြကြောင်းသိလို၍ သူတို့၏တရားလွှတ်တော်ထံသို့ သူ့ကိုခေါ်ဆောင်သွားခဲ့ရာ
29 သူသည် သူတို့၏ပညတ်တရားနှင့်ဆိုင်သောပြဿနာများအတွက် စွဲဆိုခံနေရခြင်းဖြစ်ပြီး သေဒဏ် သို့မဟုတ် အချုပ်အနှောင်ခံထိုက်သောအပြစ်မရှိကြောင်း အကျွန်ုပ်တွေ့ရပါသည်။
30 သို့သော် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသည်ဟု သတင်းရသဖြင့် အကျွန်ုပ်သည် အရှင့်ထံသို့ သူ့ကို ချက်ချင်းစေလွှတ်လိုက်ပါသည်။ စွပ်စွဲသောသူတို့အားလည်း သူ့အပေါ်စွပ်စွဲချက်များကို အရှင့်ထံ တင်ပြလျှောက်ထားကြရန် ညွှန်ကြားထားပါသည်။”
31 ထိုအခါ စစ်သားများသည် သူတို့အား မှာကြားထားသည့်အတိုင်း ပေါလုကိုခေါ်၍ အန္တိပတရိမြို့အထိ ညတွင်းချင်း ပို့ဆောင်ကြ၏။
32 နောက်တစ်နေ့တွင် မြင်းတပ်သားတို့ကို ပေါလုနှင့်အတူခရီးဆက်သွားစေ၍ သူတို့သည် စခန်းသို့ပြန်လာကြ၏။
33 မြင်းတပ်သားတို့သည် ဆီဇာရီးယားမြို့သို့ရောက်လျှင် စာကို ဘုရင်ခံအားပေးအပ်ကာ ပေါလုကိုလည်း သူ့ထံသို့အပ်ကြ၏။
34 ဘုရင်ခံသည် စာကိုဖတ်ပြီးနောက် ပေါလုအား မည်သည့်ပြည်သားဖြစ်သနည်းဟုမေး၍ ဆီလီဆီးယားပြည်သားဖြစ်ကြောင်း ကြားသိလျှင်
35 “သင့်ကိုစွပ်စွဲသောသူများရောက်လာကြသောအခါ သင့်အမှုကို ငါကြားနာမည်”ဟု ဆိုလျက် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်တွင် စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။