တ​မန်​တော်​ဝတ္ထု 9 MSB

ဒ​မက်​စ​ကပ်​မြို့​သို့ သွား​ရာ​လမ်း

1 ရှော​လု​သည် သ​ခင်​ဘု​ရား​၏​တ​ပည့်​တော်​တို့​ကို ခြိမ်း​ခြောက်​၍​သတ်​ဖြတ်​ရန် စိတ်​ဆန္ဒ​ပြင်း​ပြ​လျက်​ရှိ​သေး​၏။ သူ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ချဉ်း​ကပ်​လျက်

2 ဤ​တ​ရား​လမ်း​သို့ လိုက်​သော​သူ​ကို​တွေ့​လျှင် ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ ချည်​နှောင်​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့ ခေါ်​ဆောင်​လာ​နိုင်​ရန် ဒ​မတ်​စ​ကပ်​မြို့​ရှိ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​သို့ ပေး​စာ​များ​ကို သူ့​ထံ​မှ တောင်း​လေ​၏။

3 ဤ​သို့​ဖြင့် သူ​သည် သွား​၍ ဒ​မတ်​စ​ကပ်​မြို့​အ​နီး​သို့ ရောက်​လာ​သော​အ​ခါ ကောင်း​ကင်​မှ​အ​လင်း​သည် သူ့​ပတ်​လည်​၌ ရုတ်​တ​ရက်​ထွန်း​တောက်​လေ​၏။

4 သူ​သည် မြေ​ပေါ်​သို့​လဲ​ကျ​သွား​ရာ “ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း”​ဟု သူ့​အား​ပြော​သော​အ​သံ​ကို​ကြား​ရ​၏။

5 ရှော​လု​က​လည်း “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​သည် မည်​သူ​နည်း”​ဟု မေး​လျှောက်​လျှင် “ငါ​သည် သင်​ညှဉ်း​ဆဲ​သော​ယေ​ရှု​ဖြစ်​၏။

6 သင်​သည် ထ​၍ မြို့​ထဲ​သို့​ဝင်​သွား​လော့။ ထို​အ​ခါ သင်​ပြု​ရ​မည့်​အ​မှု​ကို သင့်​အား ပြော​ကြား​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

7 သူ​နှင့်​အ​တူ ခ​ရီး​သွား​ကြ​သော​သူ​တို့​သည် အ​သံ​ကို​ကြား​ရ​သော်​လည်း မည်​သူ့​ကို​မျှ မ​တွေ့​ရ​သော​ကြောင့် မှင်​တက်​မိ​လျက် ရပ်​နေ​ကြ​၏။

8 ရှော​လု​သည် မြေ​ပေါ်​မှ​ထ​၍ မိ​မိ​မျက်​စိ​ကို​ဖွင့်​သော်​လည်း မည်​သည့်​အ​ရာ​ကို​မျှ မ​မြင်​ရ​သ​ဖြင့် လူ​တို့​သည် သူ့​ကို​လက်​ဆွဲ​၍ ဒ​မတ်​စ​ကပ်​မြို့​သို့ ခေါ်​ဆောင်​သွား​ကြ​၏။

9 သူ​သည် သုံး​ရက်​တိုင်​တိုင် မျက်​စိ​ကွယ်​လျက် မ​စား​မ​သောက်​ဘဲ​နေ​လေ​၏။

ရှော​လု​ဗတ္တိ​ဇံ​ခံ​ယူ​ခြင်း

10 ဒ​မတ်​စ​ကပ်​မြို့​တွင် အာ​န​နိ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သ​ခင်​ဘု​ရား​သည် ရူ​ပါ​ရုံ​၌ “အာ​န​နိ”​ဟု ခေါ်​တော်​မူ​လျှင် အာ​န​နိ​က “အ​ကျွန်ုပ်​ရှိ​ပါ​သည် သ​ခင်​ဘု​ရား”​ဟု ပြန်​လျှောက်​လေ​၏။

11 သ​ခင်​ဘု​ရား​က​လည်း “ထ​၍ လမ်း​ဖြောင့်​ဟု​ခေါ်​သော လမ်း​ကြား​တစ်​ခု​သို့​သွား​ပြီး​လျှင် ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ​၏​အိမ်​၌ မေး​မြန်း​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား သူ​သည် ဆု​တောင်း​လျက်​နေ​၍

12 အာ​န​နိ​အ​မည်​ရှိ​သော​သူ​တစ်​ဦး​ဝင်​လာ​ပြီး သူ​၏​မျက်​စိ​ပြန်​မြင်​စေ​ရန် သူ့​အ​ပေါ်​လက်​တင်​သည်​ကို ရူ​ပါ​ရုံ​၌​မြင်​ခဲ့​ပြီ”​ဟု မိန့်​တော်​မူ​၏။

13 အာ​န​နိ​က​လည်း “သ​ခင်​ဘု​ရား၊ ထို​သူ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ ကိုယ်​တော်​၏​သန့်​ရှင်း​သူ​တို့​အ​ပေါ် မ​ကောင်း​မှု​များ မည်​မျှ​လောက်​ပြု​ခဲ့​သည်​ကို လူ​များ​စွာ​တို့​ထံ​မှ အ​ကျွန်ုပ်​ကြား​ရ​ပါ​သည်။

14 ဤ​အ​ရပ်​၌​လည်း ကိုယ်​တော်​၏​နာ​မ​တော်​အား ပတ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​ကို​ချည်​နှောင်​ထား​ရန် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​မှ အ​ခွင့်​အာ​ဏာ​ကို သူ​ရ​ရှိ​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

15 သို့​သော် သ​ခင်​ဘု​ရား​က “သွား​လော့။ ဤ​သူ​ကား လူ​မျိုး​ခြား​များ၊ ရှင်​ဘု​ရင်​များ​နှင့် အစ္စ​ရေး​အ​မျိုး​သား​များ​ရှေ့​သို့ ငါ​၏​နာ​မ​ကို​ယူ​ဆောင်​သွား​ရန် ငါ​ရွေး​ကောက်​ထား​သော​တန်​ဆာ​ပ​လာ​ဖြစ်​၏။

16 သူ​သည် ငါ​၏​နာ​မ​အ​တွက် မည်​မျှ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​မည်​ကို သူ့​အား ငါ​ပြ​သ​မည်”​ဟု မိန့်​တော်​မူ​၏။

17 ထို့​ကြောင့် အာ​န​နိ​သည် သွား​၍ အိမ်​ထဲ​သို့​ဝင်​ပြီး​လျှင် ရှော​လု​အ​ပေါ်​လက်​တင်​လျက် “ငါ့​ညီ​ရှော​လု၊ သင်​သည် မျက်​စိ​ပြန်​မြင်​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​မည့်​အ​ကြောင်း သင်​လာ​သော​လမ်း​၌ သင့်​အား​ထင်​ရှား​သော​သ​ခင်​ယေ​ရှု​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏”​ဟု ဆို​လေ​၏။

18 ထို​ခ​ဏ​ချင်း​တွင် ငါး​အ​ကြေး​ခွံ​ကဲ့​သို့​သော​အ​ရာ​သည် ရှော​လု​၏​မျက်​စိ​မှ ကွာ​ကျ​၍ သူ​သည် မျက်​စိ​ပြန်​မြင်​လေ​၏။ သူ​သည် ထ​၍ ဗတ္တိ​ဇံ​ခံ​ပြီး

19 အ​စား​အ​စာ​ကို​သုံး​ဆောင်​ရာ အား​ပြန်​ပြည့်​လာ​၏။ ထို့​နောက် သူ​သည် ဒ​မတ်​စ​ကပ်​မြို့​၌​ရှိ​သော တ​ပည့်​တော်​တို့​နှင့်​အ​တူ ရက်​အ​နည်း​ငယ်​နေ​ထိုင်​ပြီး​မှ

ယေ​ရှု​အ​ကြောင်း ရှော​လု​ဟော​ပြော​ခြင်း

20 ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း ချက်​ချင်း​ဟော​ပြော​လေ​၏။

21 ကြား​နာ​သော​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ငေး​မော​လျက် “ဤ​သူ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ ဤ​နာ​မ​ကို ပတ္ထ​နာ​ပြု​သော​သူ​တို့​အား ဖျက်​ဆီး​ရန် ကြိုး​စား​နေ​သူ​ဖြစ်​ပြီး ထို​သူ​တို့​ကို​ချည်​နှောင်​၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​သို့ ပို့​ဆောင်​မည်​ဟူ​သော​ရည်​ရွယ်​ချက်​ဖြင့် ဤ​နေ​ရာ​သို့​ရောက်​လာ​သည်​မ​ဟုတ်​လော”​ဟု ပြော​ဆို​ကြ​၏။

22 သို့​သော် ရှော​လု​သည် ခွန်​အား​နှင့် ပို​၍​ပြည့်​စုံ​လာ​ပြီး ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း သက်​သေ​ထူ​ကာ ဒ​မတ်​စ​ကပ်​မြို့​၌​နေ​ထိုင်​ကြ​သော​ဂျူး​လူ​မျိုး​တို့​ကို အံ့​ဩ​တွေ​ဝေ​စေ​၏။

23 ရက်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် ရှော​လု​ကို​သတ်​ရန် ကြံ​စည်​ကြ​သော်​လည်း

24 သူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​ကို ရှော​လု​သိ​သွား​လေ​၏။ သူ​တို့​သည် သူ့​ကို​သတ်​ရန် နေ့​ရော​ည​ပါ မြို့​တံ​ခါး​များ​ကို စောင့်​ကြပ်​ထား​ကြ​၏။

25 သို့​သော် ရှော​လု​၏​တ​ပည့်​တို့​သည် ည​အ​ချိန်​၌ သူ့​ကို​ခေါ်​ဆောင်​သွား​ကာ တောင်း​ထဲ​ထည့်​၍ မြို့​ရိုး​ပေါ်​မှ​လျှော​ချ​ကြ​၏။

ဂျေ​ရု​ဆ​လင်​သို့ ပြန်​ရောက်​သော​ရှော​လု

26 ရှော​လု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ရောက်​သော​အ​ခါ တ​ပည့်​တော်​များ​နှင့်​ပေါင်း​ဖော်​ရန် ကြိုး​စား​သော်​လည်း သူ​တို့​အား​လုံး​သည် သူ့​ကို တ​ပည့်​တော်​ဖြစ်​ကြောင်း မ​ယုံ​ဘဲ ကြောက်​နေ​ကြ​၏။

27 သို့​သော် ဗာ​န​ဗ​သည် သူ့​ကို​ဖေး​မ​၍ တ​မန်​တော်​တို့​ထံ​သို့ ခေါ်​ဆောင်​လာ​ပြီး​လျှင် ရှော​လု​သည် လမ်း​ခ​ရီး​၌ သ​ခင်​ဘု​ရား​ကို တွေ့​မြင်​ခဲ့​ပုံ​မှ​စ​၍ သ​ခင်​ဘု​ရား​က သူ့​အား​မိန့်​တော်​မူ​ခဲ့​ပုံ​နှင့် ဒ​မတ်​စ​ကပ်​မြို့​တွင် ယေ​ရှု​၏​နာ​မ​တော်​၌ ရဲ​ရင့်​စွာ သူ​ဟော​ပြော​ခဲ့​ပုံ​တို့​ကို သူ​တို့​အား ပြော​ပြ​လေ​၏။

28 ထို့​နောက် ရှော​လု​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ သူ​တို့​နှင့်​အ​တူ​နေ​လျက် ဝင်​ထွက်​သွား​လာ​ကာ သ​ခင်​ဘု​ရား​၏​နာ​မ​တော်​၌ ရဲ​ရင့်​စွာ​ဟော​ပြော​လေ​၏။

29 သူ​သည် ဂ​ရိ​စ​ကား​ကို​ပြော​သော​ဂျူး​လူ​မျိုး​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လျက်​နေ​၏။ သို့​သော် သူ​တို့​သည် ရှော​လု​ကို​သတ်​ရန် ကြံ​စည်​အား​ထုတ်​ကြ​၏။

30 ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​ကြား​သိ​ကြ​သော​အ​ခါ သူ့​ကို ဆီ​ဇာ​ရီး​ယား​မြို့​သို့ ခေါ်​ဆောင်​သွား​၍ တာ​ရှု​မြို့​သို့​လွှတ်​လိုက်​ကြ​၏။

31 ဤ​သို့​ဖြင့် ယု​ဒ​နယ်၊ ဂါ​လိ​လဲ​နယ်​နှင့် ရှ​မာ​ရိ​နယ်​တစ်​လျှောက်​လုံး​၌ အ​သင်း​တော်​သည် ငြိမ်း​ချမ်း​မှု​ကို​ရ​ရှိ​၍ တည်​ဆောက်​မြှင့်​တင်​ခြင်း​ခံ​ရ​ကာ သ​ခင်​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တိုက်​တွန်း​အား​ပေး​ခြင်း​၌​လည်း​ကောင်း လျှောက်​လှမ်း​လျက် တိုး​ပွား​လေ​၏။

အဲ​နေ​ကို​ကျန်း​မာ​စေ​ခြင်း

32 ပေ​တ​ရု​သည် အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ လုဒ္ဒ​မြို့​၌​နေ​ထိုင်​သော သန့်​ရှင်း​သူ​များ​ထံ​သို့​ရောက်​လာ​ခဲ့​ရာ

33 ထို​မြို့​တွင် လေ​ဖြတ်​၍ ရှစ်​နှစ်​ပတ်​လုံး အိပ်​ရာ​ပေါ်​၌​လဲ​လျောင်း​နေ​သည့် အဲ​နေ​အ​မည်​ရှိ​သော​လူ​တစ်​ဦး​ကို တွေ့​လေ​၏။

34 ထို​အ​ခါ ပေ​တ​ရု​က “အဲ​နေ၊ ယေ​ရှု​ခ​ရစ်​တော်​သည် သင့်​ကို​ကျန်း​မာ​စေ​တော်​မူ​ပြီ။ ထ​၍ ကိုယ်​ကိုယ်​တိုင်​အိပ်​ရာ​သိမ်း​လော့”​ဟု ဆို​လျှင် သူ​သည် ချက်​ချင်း​ထ​လေ​၏။

35 လုဒ္ဒ​မြို့​နှင့်​ရှာ​ရုန်​ဒေ​သ​၌ နေ​ထိုင်​သော​သူ​အ​ပေါင်း​တို့​သည် အဲ​နေ​ကို​မြင်​၍ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​လာ​ကြ​၏။

အ​သက်​ပြန်​ရှင်​သော​ဒေါ်​ကာ

36 ယုပ္ပေ​မြို့​တွင် ဒေါ်​ကာ​ဟု​အ​ဓိပ္ပာယ်​ရ​သည့် တ​ဗိ​သ​အ​မည်​ရှိ​သော တ​ပည့်​တော်​မ​တစ်​ဦး​ရှိ​၏။ သူ​သည် ကောင်း​သော​အ​မှု၊ ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​အ​မှု​တို့​နှင့် ပြည့်​စုံ​၏။

37 ထို​နေ့​ရက်​များ​တွင် သူ​သည် နာ​မ​ကျန်း​ဖြစ်​ပြီး​သေ​ဆုံး​သွား​သ​ဖြင့် လူ​တို့​သည် သူ​၏​အ​လောင်း​ကို​ရေ​ချိုး​ပေး​ပြီး​လျှင် အ​ထက်​ခန်း​၌ ထား​ကြ​၏။

38 ယုပ္ပေ​မြို့​သည် လုဒ္ဒ​မြို့​နှင့် နီး​သည်​ဖြစ်​၍ လုဒ္ဒ​မြို့​တွင် ပေ​တ​ရု​ရှိ​ကြောင်း တ​ပည့်​တော်​တို့​ကြား​လျှင် လူ​နှစ်​ဦး​ကို သူ့​ထံ​သို့​စေ​လွှတ်​ကာ “အ​ကျွန်ုပ်​တို့​ထံ​သို့ အ​လျင်​အ​မြန်​ကြွ​လာ​ခဲ့​ပါ”​ဟု တောင်း​ပန်​ကြ​၏။

39 ထို့​ကြောင့် ပေ​တ​ရု​သည် ထ​၍ သူ​တို့​နှင့်​အ​တူ​လိုက်​သွား​လေ​၏။ ပေ​တ​ရု​ရောက်​လာ​သော​အ​ခါ လူ​တို့​သည် သူ့​ကို အ​ထက်​ခန်း​သို့ ခေါ်​ဆောင်​သွား​ကြ​၏။ မု​ဆိုး​မ​အား​လုံး​တို့​သည် ပေ​တ​ရု​အ​နီး​၌​ရပ်​လျက် ငို​ကြွေး​ကာ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​က ချုပ်​လုပ်​ခဲ့​သော​အင်္ကျီ​နှင့်​ဝတ်​ရုံ​များ​ကို ပြ​ကြ​၏။

40 ပေ​တ​ရု​သည် အား​လုံး​ကို အ​ခန်း​အ​ပြင်​သို့​ထွက်​စေ​ပြီး​လျှင် ဒူး​ထောက်​လျက် ဆု​တောင်း​လေ​၏။ ထို့​နောက် အ​လောင်း​ဘက်​သို့​လှည့်​၍ “တ​ဗိ​သ၊ ထ​လော့”​ဟု ဆို​လေ​ရာ တ​ဗိ​သ​သည် မိ​မိ​မျက်​စိ​ကို​ဖွင့်​ပြီး ပေ​တ​ရု​ကို​မြင်​သော​အ​ခါ ထ​၍​ထိုင်​လေ​၏။

41 ပေ​တ​ရု​သည် လက်​ကမ်း​ပေး​၍​သူ့​ကို ဆွဲ​ထူ​ပြီး​လျှင် သန့်​ရှင်း​သူ​များ​နှင့်​မု​ဆိုး​မ​တို့​ကို​ခေါ်​၍ အ​သက်​ရှင်​လျက်​ရှိ​သော​တ​ဗိ​သ​ကို ပြ​လေ​၏။

42 ဤ​သ​တင်း​သည် ယုပ္ပေ​တစ်​မြို့​လုံး​အ​နှံ့​ကျော်​ကြား​သွား​၍ လူ​များ​စွာ​တို့​သည် သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​ကြ​၏။

43 ပေ​တ​ရု​သည် ယုပ္ပေ​မြို့​တွင် သား​ရေ​နယ်​သ​မား​ရှိ​မုန်​ထံ​၌ ရက်​ပေါင်း​များ​စွာ​တည်း​ခို​နေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28