1 ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ကြာသောအခါ ဆီဇာရီးယားမြို့မှ ဂျေရုဆလင်မြို့သို့ တက်သွားလေ၏။
2 ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဂျူးလူမျိုးတို့၏ခေါင်းဆောင်များသည် သူ့ထံ ပေါလုကို တရားစွဲဆိုလျက်
3 မိမိတို့အား ကျေးဇူးပြုသည့်အနေဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ပို့ပေးရန် သူ့အားတောင်းပန်ကြ၏။ အကြောင်းမှာ သူတို့သည် ပေါလုကို လမ်း၌ချောင်းမြောင်းသတ်ဖြတ်ရန် ကြံစည်ထားကြသောကြောင့်ဖြစ်၏။
4 ထိုအခါ ဖေတ္တုမင်းက ပေါလုသည် ဆီဇာရီးယားမြို့တွင် ထိန်းသိမ်းထားခြင်းခံရပြီး သူကိုယ်တိုင်လည်း မကြာမီပြန်သွားရန် ရည်ရွယ်ထားကြောင်း ဖြေကြားပြီးလျှင်
5 “ထို့ကြောင့် သင်တို့တွင် ဩဇာရှိသောသူတို့သည် ငါနှင့်အတူလိုက်ခဲ့၍ ထိုလူ၌ အပြစ်တစ်စုံတစ်ရာရှိလျှင် သူ့ကို စွဲဆိုကြပါစေ”ဟု ပြောဆိုလေ၏။
6 ထို့နောက် ရှစ်ရက်၊ ဆယ်ရက်ခန့် သူတို့ထံ၌နေပြီးမှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ပေါလုကိုခေါ်သွင်းရန် အမိန့်ပေးလေ၏။
7 ပေါလုရောက်သောအခါ ဂျေရုဆလင်မြို့မှလာသော ဂျူးလူမျိုးတို့သည် သူ့ကိုဝိုင်းရံလျက် သူတို့သက်သေမပြနိုင်သော ကြီးလေးသည့်စွဲချက်များစွာတို့ကို သူ့အပေါ်တင်ကြ၏။
8 ပေါလုကလည်း “အကျွန်ုပ်သည် ဂျူးလူမျိုးတို့၏ပညတ်တရားကိုလည်းကောင်း၊ ဗိမာန်တော်ကိုလည်းကောင်း၊ ဆီဇာဧကရာဇ်ကိုလည်းကောင်း တစ်စုံတစ်ခုမျှ မပြစ်မှားခဲ့ပါ”ဟု ချေပပြောဆို၏။
9 ဖေတ္တုမင်းသည် ဂျူးလူမျိုးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့တက်သွား၍ ထိုမြို့၌ ငါ၏ရှေ့တွင် ဤအမှုများနှင့်ပတ်သက်ပြီး စစ်ဆေးစီရင်ခံလိုသလော”ဟု မေးလေ၏။
10 သို့သော် ပေါလုက “အကျွန်ုပ်သည် ဆီဇာဧကရာဇ်၏တရားခွင်၌ ရပ်နေသည်ဖြစ်၍ ထိုနေရာတွင် အကျွန်ုပ်ကို စစ်ဆေးစီရင်သင့်ပါသည်။ အရှင်လည်း ကောင်းစွာသိသည့်အတိုင်း ဂျူးလူမျိုးတို့ကို အကျွန်ုပ်မပြစ်မှားခဲ့ပါ။
11 အကယ်၍ အကျွန်ုပ်သည်ပြစ်မှားပြီး သေဒဏ်ခံထိုက်သောအပြစ်တစ်စုံတစ်ခုကို ပြုမိခဲ့ပါက သေရမည်ကို အကျွန်ုပ်မငြင်းပါ။ သို့သော် အကျွန်ုပ်ကို ဤသူတို့စွပ်စွဲနေသောအရာများသည် တစ်စုံတစ်ခုမျှ မဟုတ်မမှန်လျှင် မည်သူမျှ အကျွန်ုပ်ကို သူတို့လက်သို့ မအပ်နိုင်ပါ။ အကျွန်ုပ်သည် ဆီဇာဧကရာဇ်ထံ အယူခံဝင်ပါမည်”ဟု လျှောက်လေ၏။
12 ထိုအခါ ဖေတ္တုမင်းသည် အတိုင်ပင်ခံများနှင့်တိုင်ပင်ပြီးနောက် “သင်သည် ဆီဇာဧကရာဇ်ထံ အယူခံဝင်သည်ဖြစ်၍ ဆီဇာဧကရာဇ်ထံသို့ သွားရမည်”ဟု ပြန်ဖြေလေ၏။
13 ထိုမှ ရက်အနည်းငယ်ကြာပြီးနောက် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ဖေတ္တုမင်းကိုနှုတ်ဆက်ရန် ဆီဇာရီးယားမြို့သို့ရောက်လာကြ၏။
14 သူတို့သည် ထိုမြို့၌ ရက်အတန်ကြာနေကြသဖြင့် ဖေတ္တုမင်းသည် ပေါလုနှင့်ပတ်သက်သောအမှုများကို မင်းကြီးအားတင်ပြလျက် “ဖေလဇ်မင်းထားရစ်ခဲ့သော အကျဉ်းသားတစ်ဦးရှိပါသည်။
15 ဂျေရုဆလင်မြို့သို့ အကျွန်ုပ်ရောက်စဉ် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဂျူးလူမျိုးတို့၏သက်ကြီးဝါကြီးတို့သည် သူ့ကို တရားစွဲဆိုလျက် သူ့အပေါ်အပြစ်ဒဏ်ပေးရန် တောင်းဆိုကြပါသည်။
16 သို့သော် စွပ်စွဲခံရသူတစ်စုံတစ်ဦးသည် စွပ်စွဲသောသူနှင့်မျက်နှာချင်းဆိုင်၍ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ချေပပြောဆိုခွင့်မရမီ သူ့ကိုလွှဲအပ်ပေးခြင်းသည် ရောမတို့၏ဓလေ့ထုံးစံမဟုတ်ကြောင်း သူတို့အား အကျွန်ုပ်ဖြေကြားခဲ့ပါသည်။
17 ထို့ကြောင့် ဤမြို့သို့ သူတို့စုဝေးရောက်ရှိလာကြသောအခါ အကျွန်ုပ်သည် မဆိုင်းမငံ့ဘဲ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ထိုသူကိုခေါ်ဆောင်လာရန် အမိန့်ပေးခဲ့ပါသည်။
18 သူ့ကိုစွပ်စွဲသောသူများထကြသောအခါ အကျွန်ုပ်ထင်မှတ်သလောက် ဆိုးသောပြစ်မှုမျိုးကို မတင်ပြခဲ့ကြပါ။
19 သူတို့၏ပြဿနာမှာ သူတို့၏ဘာသာတရားနှင့်ပတ်သက်သောအရာအချို့နှင့် အသက်ရှင်လျက်ရှိသည်ဟု ပေါလုပြောဆိုသည့် သေလွန်ပြီးသော ယေရှုဆိုသူတစ်ဦးနှင့်ပတ်သက်သည့် အရာများသာ ဖြစ်ပါသည်။
20 အကျွန်ုပ်သည် ဤအရာများနှင့်ဆိုင်သည့် အငြင်းပွားမှုအတွက် တွေးမရဖြစ်နေသဖြင့် ပေါလုအား ‘ဂျေရုဆလင်မြို့သို့သွား၍ ထိုမြို့တွင် ဤစွပ်စွဲချက်များအတွက် စစ်ဆေးစီရင်ခံလိုသလော’ဟု မေးပါသည်။
21 သို့သော် ပေါလုက ဧကရာဇ်မင်း၏စီရင်ဆုံးဖြတ်ခြင်းကိုခံယူသည်အထိ သူ့အားထိန်းသိမ်းထားပါရန် တောင်းဆိုသဖြင့် သူ့ကို ဆီဇာဧကရာဇ်ထံပို့သည်အထိ ထိန်းသိမ်းထားရန် အမိန့်ပေးထားပါသည်”ဟု ဆိုလေ၏။
22 ထိုအခါ အဂြိပ္ပမင်းကြီးသည် ဖေတ္တုမင်းအား “အကျွန်ုပ်ကိုယ်တိုင်လည်း ထိုသူ၏စကားကို နားထောင်လိုပါသည်”ဟု ဆိုသဖြင့် ဖေတ္တုမင်းက “မနက်ဖြန် သူ၏စကားကို အရှင်နားထောင်ရပါမည်”ဟု ဆို၏။
23 နောက်တစ်နေ့တွင် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ်သောအဆောင်အယောင်ဖြင့် တပ်မှူးကြီးများ၊ ထိုမြို့၏အရေးပါပုဂ္ဂိုလ်များနှင့်အတူကြွလာ၍ ညီလာခံခန်းမထဲသို့ဝင်ကြ၏။ ထိုအခါ ဖေတ္တုမင်းသည် အမိန့်ပေးသဖြင့် ပေါလုကိုခေါ်ထုတ်လာကြ၏။
24 ဖေတ္တုမင်းကလည်း “အဂြိပ္ပမင်းကြီးနှင့်တကွ အကျွန်ုပ်တို့နှင့်အတူရှိကြသော လူကြီးမင်းအပေါင်းတို့၊ အရှင်တို့မြင်သော ဤသူနှင့်ပတ်သက်၍ ဂျူးအမျိုးသားထုအပေါင်းတို့သည် ‘သူ့ကို ဆက်၍အသက်မရှင်စေသင့်ပါ’ဟု အော်ဟစ်လျက် ဂျေရုဆလင်မြို့၌ဖြစ်စေ၊ ဤမြို့၌ဖြစ်စေ အကျွန်ုပ်အား တောင်းဆိုခဲ့ကြပါသည်။
25 သို့ရာတွင် သူသည် သေဒဏ်ခံထိုက်သောအရာ တစ်စုံတစ်ခုကိုမျှ မပြုခဲ့ကြောင်း အကျွန်ုပ်သတိထားမိပါသည်။ သို့သော် သူကိုယ်တိုင် ဧကရာဇ်မင်းထံ အယူခံဝင်မည်ဟုဆိုသဖြင့် သူ့ကိုပို့ပေးရန် အကျွန်ုပ်ဆုံးဖြတ်ထားပါသည်။
26 သို့ရာတွင် အရှင်ဧကရာဇ်မင်းထံ သူ့အကြောင်းရေးသားရန် တိကျသောအကြောင်းအချက် တစ်စုံတစ်ခုမျှ အကျွန်ုပ်၌မရှိပါ။ ထို့ကြောင့် ဤစစ်ဆေးမှုပြီးဆုံးသောအခါ အကျွန်ုပ်ရေးသားရန် အကြောင်းအချက်တစ်စုံတစ်ခုရရှိနိုင်မည့်အကြောင်း သူ့ကို အရှင်တို့ရှေ့၌၊ အထူးသဖြင့် အဂြိပ္ပမင်းကြီး၊ အရှင့်ရှေ့၌အကျွန်ုပ်ထုတ်ဆောင်ခဲ့ပါသည်။
27 အကြောင်းမူကား အကျဉ်းသားတစ်ဦးကို သူ့အပေါ်တင်ထားသည့်စွဲချက်များမပါဘဲ စေလွှတ်ခြင်းမှာ မသင့်လျော်ဟု အကျွန်ုပ်ထင်ပါသည်”ဟု ဆိုလေ၏။