တ​မန်​တော်​ဝတ္ထု 8 MSB

ညှဉ်း​ပန်း​နှိပ်​စက်​သူ ရှော​လု

1 ရှော​လု​သည်​လည်း သ​တေ​ဖန်​အ​သတ်​ခံ​ရ​သည့်​အ​မှု​၌ အ​လို​တူ​အ​လို​ပါ​ဖြစ်​၏။ ထို​နေ့​တွင် ဂျေ​ရု​ဆ​လင်​မြို့​ရှိ​အ​သင်း​တော်​အ​ပေါ် ပြင်း​ထန်​သော​ညှဉ်း​ဆဲ​မှု​ဖြစ်​ပေါ်​လာ​သ​ဖြင့် တ​မန်​တော်​တို့​မှ​တစ်​ပါး သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​နယ်​နှင့်​ရှ​မာ​ရိ​နယ်​တစ်​လျှောက်​သို့ ကွဲ​လွင့်​သွား​ကြ​၏။

2 ဘု​ရား​တ​ရား​ကြည်​ညို​သော​သူ​တို့​သည် သ​တေ​ဖန်​ကို​သင်္ဂြိုဟ်​၍ သူ့​အ​တွက် ရင်​ဘတ်​စည်​တီး​လျက် ပြင်း​စွာ​ငို​ကြွေး​ကြ​၏။

3 ရှော​လု​သည် တစ်​အိမ်​ပြီး​တစ်​အိမ်​ဝင်​၍ ယောက်ျား​မိန်း​မ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲ​သို့​ပို့​လျက် အ​သင်း​တော်​ကို လိုက်​၍​ဖျက်​ဆီး​လေ​၏။

ရှ​မာ​ရိ​နယ်​သို့​ရောက်​သော​ဖိ​လိပ္ပု

4 ကွဲ​လွင့်​သွား​သော​သူ​တို့​မူ​ကား နှုတ်​က​ပတ်​တ​ရား​ကို လှည့်​လည်​ဟော​ပြော​ကြ​၏။

5 ဖိ​လိပ္ပု​သည်​လည်း ရှ​မာ​ရိ​နယ်​ရှိ မြို့​တစ်​မြို့​သို့​သွား​၍ လူ​တို့​အား ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော​ပြော​လေ​၏။

6 လူ​ထု​ပ​ရိ​သတ်​တို့​သည် ဖိ​လိပ္ပု​ပြု​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို ကြား​ရ၊ မြင်​ရ​သော​အ​ခါ သူ​ဟော​ပြော​သည့်​အ​ရာ​များ​ကို တ​ညီ​တ​ညွတ်​တည်း​ဂ​ရု​စိုက်​နား​ထောင်​ကြ​၏။

7 အ​ကြောင်း​မူ​ကား များ​စွာ​သော​သူ​တို့​ထံ​၌​ပူး​နေ​သည့် ညစ်​ညူး​သော​နတ်​တို့​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့်​အော်​ဟစ်​လျက် ထွက်​သွား​ကြ​၏။ လေ​ဖြတ်​သော​သူ​နှင့် ခြေ​မ​သန်​စွမ်း​သူ​များ​စွာ​တို့​သည်​လည်း အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​ကြ​၏။

8 သို့​ဖြစ်​၍ ထို​မြို့​၌ ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​ရှိ​လေ​၏။

မှော်​ဆ​ရာ​ရှိ​မုန်ု

9 ထို​မြို့​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ယ​ခင်​က​တည်း​က မှော်​အ​တတ်​ကို​သုံး​၍ ရှ​မာ​ရိ​နယ်​သား​တို့​ကို အံ့​ဩ​ငေး​မော​စေ​ကာ မိ​မိ​ကိုယ်​ကို​ထူး​မြတ်​သူ​တစ်​ဦး​ဖြစ်​သည်​ဟု​ဆို​လေ့​ရှိ​၏။

10 လူ​ကြီး​လူ​ငယ်​ရှိ​သ​မျှ​တို့​သည် သူ့​ကို​အာ​ရုံ​စိုက်​လျက် “ဤ​သူ​သည် ကြီး​မြတ်​ခြင်း​ဟု​ခေါ်​သော ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

11 သူ​တို့​သည် သူ့​ကို​အာ​ရုံ​စိုက်​ကြ​ခြင်း​မှာ သူ​သည် ကာ​လ​ကြာ​မြင့်​စွာ မှော်​အ​တတ်​ဖြင့် သူ​တို့​ကို အံ့​ဩ​ငေး​မော​စေ​ခဲ့​သော​ကြောင့်​ဖြစ်​၏။

12 သို့​သော် ဖိ​လိပ္ပု​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့် ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​အ​ကြောင်း​ကို ဟော​ပြော​သော​အ​ခါ လူ​တို့​သည် ယုံ​ကြည်​လျက် ယောက်ျား​များ​မှ​စ​၍ မိန်း​မ​များ​ပါ ဗတ္တိ​ဇံ​ခံ​ကြ​၏။

13 ရှိ​မုန်​ကိုယ်​တိုင်​သည်​လည်း ယုံ​ကြည်​၍ ဗတ္တိ​ဇံ​ခံ​ကာ ဖိ​လိပ္ပု​ကို​ဆည်း​ကပ်​လျက် နိ​မိတ်​လက္ခ​ဏာ​များ​နှင့် ကြီး​မား​သော​တန်​ခိုး​လက္ခ​ဏာ​များ​ဖြစ်​ပေါ်​သည်​ကို တွေ့​မြင်​၍ အံ့​ဩ​ငေး​မော​နေ​၏။

ရှိ​မုန်​၏​အ​ပြစ်

14 ရှ​မာ​ရိ​နယ်​သား​တို့​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို​လက်​ခံ​ကြ​ကြောင်း ဂျေ​ရု​ဆ​လင်​မြို့​တွင်​ရှိ​သော တ​မန်​တော်​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​ကြ​၏။

15 ထို​တ​မန်​တော်​နှစ်​ပါး​သည်​ရောက်​လာ​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ထို​သူ​တို့​ခံ​ယူ​ရ​ရှိ​မည့်​အ​ကြောင်း သူ​တို့​အ​တွက်​ဆု​တောင်း​ပေး​ကြ​၏။

16 အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​၌ ဗတ္တိ​ဇံ​ခံ​ရုံ​မျှ​သာ​ရှိ​ကြ​ပြီး သူ​တို့​တွင် မည်​သူ့​အ​ပေါ်​၌​မျှ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သက်​ရောက်​ခြင်း​မ​ရှိ​သေး​သော​ကြောင့်​ဖြစ်​၏။

17 ထို့​နောက် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် သူ​တို့​အ​ပေါ်​လက်​တင်​ကြ​သော​အ​ခါ သူ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြ​၏။

18 တ​မန်​တော်​တို့​လက်​တင်​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​ကို လူ​တို့​ရ​ရှိ​ကြောင်း ရှိ​မုန်​မြင်​လျှင် တ​မန်​တော်​တို့​ထံ​သို့ ငွေ​ကို​ယူ​ဆောင်​လာ​၍

19 “အ​ကျွန်ုပ်​လက်​တင်​သူ​တိုင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​စေ​ရန် အ​ကျွန်ုပ်​အား​လည်း ဤ​အ​ခွင့်​ကို​ပေး​ပါ”​ဟု ဆို​လေ​၏။

20 ထို​အ​ခါ ပေ​တ​ရု​က “သင်​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​လက်​ဆောင်​ကို ငွေ​အား​ဖြင့်​ဝယ်​ယူ​နိုင်​သည်​ဟု​ထင်​မှတ်​သော​ကြောင့် သင်​၏​ငွေ​သည် သင်​နှင့်​အ​တူ​ပျက်​စီး​ပါ​စေ။

21 သင်​၏​စိတ်​နှ​လုံး​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ မ​မှန်​ကန်​သော​ကြောင့် သင်​သည် ဤ​အ​မှု​အ​ရာ​၌ ပါ​ဝင်​ခွင့်​မ​ရှိ။ သင့်​ဝေ​စု​လည်း​မ​ရှိ။

22 ထို့​ကြောင့် သင်​၌​ရှိ​သော ဤ​မ​ကောင်း​မှု​အ​တွက် နောင်​တ​ရ​လျက် သ​ခင်​ဘု​ရား​ထံ​ဆု​တောင်း​လော့။ သို့​ပြု​လျှင် သင့်​စိတ်​နှ​လုံး​၏​အ​ကြံ​အ​စည်​အ​တွက် သင်​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​ကောင်း​ခံ​ရ​လိမ့်​မည်။

23 အ​ကြောင်း​မူ​ကား သင်​သည် ခါး​သီး​သော​သည်း​ခြေ​နှင့် မ​တ​ရား​မှု​၏​အ​နှောင်​အ​ဖွဲ့​ထဲ​၌​ရှိ​နေ​သည်​ကို ငါ​မြင်​သည်”​ဟု ဆို​လေ​၏။

24 ရှိ​မုန်​က​လည်း “သင်​တို့​ပြော​သည့်​အ​ရာ​တစ်​ခု​မျှ အ​ကျွန်ုပ်​အ​ပေါ်​မ​သက်​ရောက်​စေ​ရန် အ​ကျွန်ုပ်​အ​တွက် သ​ခင်​ဘု​ရား​ထံ ဆု​တောင်း​ပေး​ကြ​ပါ”​ဟု ပြန်​ပြော​လေ​၏။

25 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို သက်​သေ​ခံ​၍​ဟော​ပြော​ကြ​ပြီး​နောက် ရှ​မာ​ရိ​နယ်​သား​တို့​၏​ကျေး​ရွာ​များ​စွာ​တို့​၌​လည်း ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျက် ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

အီ​သီ​ယိုး​ပီး​ယား​မှူး​မတ်​ပြောင်း​လဲ​ခြင်း

26 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဖိ​လိပ္ပု​အား “ထ​၍ ဂျေ​ရု​ဆ​လင်​မြို့​မှ ဂါ​ဇာ​မြို့​သို့ ဆင်း​သွား​ရာ​လမ်း​အ​တိုင်း တောင်​ဘက်​သို့​သွား​လော့”​ဟု မြွက်​ဆို​၏။ ထို​လမ်း​သည် တော​ကန္တာ​ရ​လမ်း​ဖြစ်​၏။

27 ထို့​ကြောင့် ဖိ​လိပ္ပု​သည်​ထ​၍ သွား​လေ​၏။ ထို​စဉ် အီ​သီ​ယိုး​ပီး​ယား​ဘု​ရင်​မ​ကန္ဒက်​၏​မှူး​မတ်​ကြီး​ဖြစ်​ပြီး ဘု​ရင်​မ​၏​ဘဏ္ဍာ​အား​လုံး​ကို စီ​မံ​အုပ်​ချုပ်​ရ​သော အီ​သီ​ယိုး​ပီး​ယား​ပြည်​သား​တစ်​ဦး​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ လာ​ရောက်​ဝတ်​ပြု​ကိုး​ကွယ်​ပြီး

28 အ​ပြန်​ခ​ရီး​တွင် မိ​မိ​၏​ရ​ထား​ပေါ်​၌​ထိုင်​လျက် ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ကျမ်း​ကို​ဖတ်​နေ​၏။

29 ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ဖိ​လိပ္ပု​အား “ထို​ရ​ထား​အ​နီး​သို့​သွား​၍ ကပ်​ပြီး​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

30 ဖိ​လိပ္ပု​သည်​လည်း ပြေး​သွား​ရာ ထို​သူ​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​ဖတ်​နေ​သည်​ကို ကြား​သ​ဖြင့် “သင်​ဖတ်​နေ​သော​အ​ရာ​ကို နား​လည်​ပါ​သ​လော”​ဟု မေး​လေ​၏။

31 ထို​မှူး​မတ်​က​လည်း “အ​ကျွန်ုပ်​အား ရှင်း​ပြ​ပေး​သူ​မ​ရှိ​လျှင် မည်​သို့​နား​လည်​နိုင်​ပါ​မည်​နည်း”​ဟု ဆို​ပြီး​လျှင် ဖိ​လိပ္ပု​အား ရ​ထား​ပေါ်​တက်​၍ မိ​မိ​နှင့်​အ​တူ​ထိုင်​ရန် ဖိတ်​ခေါ်​လေ​၏။

32 ထို​သူ​ဖတ်​နေ​သည့်​ကျမ်း​ပိုဒ်​မှာ “သူ​သည် သတ်​ရန်​လျာ​ထား​သော​သိုး​ကဲ့​သို့ ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ သိုး​သ​ငယ်​သည် အ​မွေး​ညှပ်​သူ​ရှေ့​၌ တိတ်​ဆိတ်​စွာ​နေ​သ​ကဲ့​သို့ မိ​မိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။

33 သူ​သည်​နှိမ့်​ချ​ခြင်း​ခံ​ရ​စဉ်​၌ သူ့​အ​တွက် တ​ရား​သ​ဖြင့်​စီ​ရင်​ပေး​ခြင်း​မ​ရှိ​ကြ။ သူ​၏​အ​သက်​သည် မြေ​ကြီး​ပေါ်​မှ နုတ်​ယူ​ခြင်း​ခံ​ရ​သည်​ဖြစ်​၍ သူ​၏​မျိုး​ဆက်​ကို မည်​သူ​ပြော​ပြ​နိုင်​မည်​နည်း”​ဟူ​၍ ဖြစ်​၏။

34 ထို​အ​ခါ မှူး​မတ်​က ဖိ​လိပ္ပု​အား “သင့်​ကို​မေး​ပါ​ရ​စေ။ ပ​ရော​ဖက်​သည် မည်​သူ့​အ​ကြောင်း​ကို ဤ​သို့​ပြော​ထား​ပါ​သ​နည်း။ မိ​မိ​ကိုယ်​တိုင်​အ​ကြောင်း​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​တစ်​စုံ​တစ်​ဦး​၏​အ​ကြောင်း​လော”​ဟု ဆို​လေ​၏။

35 ဖိ​လိပ္ပု​သည်​လည်း မိ​မိ​နှုတ်​ကို​ဖွင့်​လျက် ဤ​ကျမ်း​ချက်​မှ​အ​စ​ပြု​၍ ယေ​ရှု​အ​ကြောင်း​ကို သူ့​အား ဟော​ပြော​လေ​၏။

36 သူ​တို့​သည် လမ်း​အ​တိုင်း ခ​ရီး​ဆက်​သွား​ကြ​စဉ် ရေ​ရှိ​ရာ​အ​ရပ်​သို့​ရောက်​လာ​သ​ဖြင့် မှူး​မတ်​က “ကြည့်​ပါ။ ရေ​ရှိ​သည်။ အ​ကျွန်ုပ်​ဗတ္တိ​ဇံ​ခံ​ရန် တား​ဆီး​သည့်​အ​ရာ​ရှိ​ပါ​သ​လော”​ဟု ဆို​၏။

37 [ထို​အ​ခါ ဖိ​လိပ္ပု​က “သင်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ယုံ​ကြည်​လျှင် ဗတ္တိ​ဇံ​ခံ​ယူ​နိုင်​ပါ​သည်”​ဟု ဆို​သော် မှူး​မတ်​က “ယေ​ရှု​ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏”​ဟု ပြန်​ပြော​ပြီး​လျှင်]

38 ရ​ထား​ကို​ရပ်​စေ​ရန် အ​မိန့်​ပေး​လေ​၏။ ထို့​နောက် ဖိ​လိပ္ပု​နှင့်​မှူး​မတ် နှစ်​ဦး​စ​လုံး​တို့​သည် ရေ​ထဲ​သို့​အ​တူ​တ​ကွ​ဆင်း​သွား​ကြ​၍ ဖိ​လိပ္ပု​သည် မှူး​မတ်​အား ဗတ္တိ​ဇံ​ပေး​လေ​၏။

39 ရေ​ထဲ​မှ​တက်​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ဖိ​လိပ္ပု​ကို ဆောင်​ယူ​သွား​တော်​မူ​သ​ဖြင့် ထို​မှူး​မတ်​သည် ဖိ​လိပ္ပု​ကို နောက်​ထပ် မ​တွေ့​ရ​တော့​ပေ။ သို့​သော် သူ​သည် ဝမ်း​မြောက်​လျက် မိ​မိ​၏​ခ​ရီး​ကို ဆက်​သွား​လေ​၏။

40 ဖိ​လိပ္ပု​မူ​ကား အာ​ဇုတ်​မြို့​၌​ပေါ်​လာ​၍ ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​သည့်​တိုင်​အောင် မြို့​ရွာ​အား​လုံး​တို့​ကို​လှည့်​လည်​၍ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28