1 ပေတရုနှင့်ယောဟန်တို့သည် လူတို့အားဟောပြောလျက်နေကြစဉ် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့်တပ်မှူးနှင့် ဇဒ္ဒုကဲတို့သည် သူတို့ထံသို့ရောက်လာကြ၏။
2 တမန်တော်တို့သည် ယေရှုကိုအကြောင်းပြုလျက် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို လူတို့အား သွန်သင်ဟောပြောနေကြသောကြောင့် ထိုသူတို့သည် စိတ်အနှောင့်အယှက်ဖြစ်လျက်
3 တမန်တော်တို့ကိုဖမ်းဆီးကာ မိုးချုပ်ပြီဖြစ်သဖြင့် နောက်တစ်နေ့တိုင်အောင် အချုပ်ထောင်ထဲ၌ထည့်ထားကြ၏။
4 သို့သော် နှုတ်ကပတ်တရားကို ကြားနာသူများစွာတို့သည် ယုံကြည်ကြရာ ယောက်ျားအရေအတွက် ငါးထောင်ခန့်မျှဖြစ်လာလေ၏။
5 နောက်တစ်နေ့၌ သူတို့၏အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းပြုဆရာတို့သည် ဂျေရုဆလင်မြို့၌စုဝေးကြ၏။
6 ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြားမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိသမျှတို့လည်းပါဝင်ကြ၏။
7 သူတို့သည် ပေတရုနှင့်ယောဟန်တို့ကို အားလုံးရှေ့၌ရပ်စေပြီးလျှင် “သင်တို့သည် မည်သည့်အာဏာ၊ မည်သည့်နာမဖြင့် ဤအမှုကို ပြုကြသနည်း”ဟု မေးမြန်းကြ၏။
8 ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် “လူတို့၏အကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့၊
9 ယနေ့ အကျွန်ုပ်တို့သည် အားနည်းသောသူတစ်ဦးအပေါ် ကောင်းကျိုးပြုခဲ့သည့်အကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဤသူသည် မည်ကဲ့သို့အကောင်းပကတိဖြစ်လာသနည်းဟူသည့်အကြောင်းနှင့်ပတ်သက်၍လည်းကောင်း စစ်ဆေးခြင်းခံရသည်ဆိုလျှင်
10 သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့အား သိမှတ်စေလိုသည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သော်လည်း သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့ရှေ့တွင် အကောင်းပကတိဖြစ်လျက်ရပ်နေ၏။
11 ထိုအရှင်သည် တိုက်ဆောက်သူများတည်းဟူသောသင်တို့က ပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်ဖြစ်၏။
12 ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။
13 ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
14 ထို့ပြင် အကောင်းပကတိဖြစ်လာသောသူသည် သူတို့နှင့်အတူရပ်နေသည်ကိုမြင်နေရသဖြင့် မည်သို့မျှငြင်းခုံပြောဆို၍မရနိုင်ကြချေ။
15 ထိုအခါ သူတို့သည် တမန်တော်တို့ကို တရားလွှတ်တော်ရုံးအပြင်သို့ထွက်ရန်အမိန့်ပေးပြီးလျှင် အချင်းချင်းဆွေးနွေးလျက်
16 “ဤသူတို့ကို မည်သို့ပြုကြမည်နည်း။ အကြောင်းမူကား သူတို့အားဖြင့် သိသာထင်ရှားသောနိမိတ်လက္ခဏာဖြစ်ပျက်ခဲ့သည်ကို ဂျေရုဆလင်မြို့၌နေထိုင်သူအားလုံးသိရှိကြသည်ဖြစ်၍ ငါတို့ငြင်းဆို၍မရနိုင်။
17 သို့သော် ဤအကြောင်းသည် လူတို့ထံ ပို၍ပျံ့နှံ့မသွားစေရန် ဤနာမကိုအမှီပြုလျက် နောက်တစ်ဖန် မည်သူ့ကိုမျှမဟောပြောရမည့်အကြောင်း သူတို့ကိုခြိမ်းခြောက်ကြစို့”ဟု ဆိုကြ၏။
18 ထို့နောက် တမန်တော်တို့ကိုခေါ်၍ ယေရှု၏နာမကိုအမှီပြုလျက် ဟောပြောခြင်းကိုဖြစ်စေ၊ သွန်သင်ခြင်းကိုဖြစ်စေ လုံးဝမပြုရန် အမိန့်ပေးကြ၏။
19 သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်မမှန် သင်တို့ဆုံးဖြတ်ကြလော့။
20 အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။
21 လူအားလုံးတို့သည် ဖြစ်ပျက်ခဲ့သောအမှုအရာအတွက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းနေကြသည်ဖြစ်၍ ထိုလူတို့ကြောင့် တမန်တော်တို့အား အပြစ်ဒဏ်ပေးနိုင်မည့်နည်းလမ်းကို ရှာမတွေ့သဖြင့် သူတို့သည် တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်ပြီးလျှင် ပြန်လွှတ်လိုက်ကြ၏
22 ဤနိမိတ်လက္ခဏာအားဖြင့် အကောင်းပကတိဖြစ်လာသောသူသည် အသက်လေးဆယ်ကျော်ရှိ၏။
23 တမန်တော်တို့သည် လွတ်လာကြသောအခါ မိမိတို့အပေါင်းအဖော်များရှိရာသို့ ပြန်လာ၍ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့က မိမိတို့အားပြောသမျှတို့ကို ပြန်ပြောပြကြ၏။
24 ထိုသူတို့သည်လည်း ကြားကြလျှင် တညီတညွတ်တည်းဖြင့် ဘုရားသခင်ထံ အသံကိုလွှင့်၍ “စိုးပိုင်တော်မူသောအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်သမုဒ္ဒရာမှစ၍ ၎င်းတို့၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ပါ၏။
25 ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အကျွန်ုပ်တို့၏ဘိုးဘေးဖြစ်သော ကိုယ်တော်၏အစေခံဒါဝိဒ်၏နှုတ်မှတစ်ဆင့် ‘တိုင်းနိုင်ငံတို့သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အချည်းနှီးသောအရာများကိုကြံစည်ကြသနည်း။
26 ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်၏ခရစ်တော်ကို ဆန့်ကျင်ကြ၏’ဟု မိန့်တော်မူခဲ့၏။
27 အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ
28 ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
29 ထာဝရဘုရား၊ ယခု သူတို့၏ခြိမ်းခြောက်မှုများကို သတိမူလျက် ကိုယ်တော်၏အစေအပါးတို့အား နှုတ်ကပတ်တရားကိုရဲရင့်ခြင်းအပြည့်အဝဖြင့်ဟောပြောရသောအခွင့်ကိုပေးတော်မူပါ။
30 တစ်ချိန်တည်းမှာပင် အနာရောဂါများကိုငြိမ်းစေရန် ကိုယ်တော်၏လက်တော်ကိုဆန့်တန်း၍ ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှု၏နာမတော်ဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကိုပြုခွင့်ပေးတော်မူပါ”ဟု ဆုတောင်းကြ၏။
31 ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။
32 ယုံကြည်သူတို့၏အစုအဝေးသည် တစ်စိတ်တစ်သဘောတည်းရှိကြ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်ဆိုင်သည်ဟုမဆိုဘဲ ရှိသမျှသောအရာတို့ကို စုပေါင်းပိုင်ဆိုင်သောအရာအဖြစ်ထားကြ၏။
33 တမန်တော်တို့သည် သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြီးစွာသောတန်ခိုးဖြင့် သက်သေခံကြ၍ ကြီးမားသောကျေးဇူးတော်သည် သူတို့အားလုံးအပေါ်သို့ သက်ရောက်လေ၏။
34 သူတို့ထဲတွင် ဆင်းရဲချို့တဲ့သူတစ်ယောက်မျှမရှိပေ။ အကြောင်းမူကား မြေကွက် သို့မဟုတ် အိမ်ရာတို့ကို ပိုင်ဆိုင်သောသူရှိသမျှတို့သည် ၎င်းတို့ကိုရောင်းပြီးလျှင် ရရှိသောငွေများကို ယူဆောင်လာကာ
35 တမန်တော်တို့၏ခြေရင်း၌ထား၍ တစ်ဦးချင်းစီ၌ လိုအပ်မှုရှိသည့်အတိုင်း အသီးသီးတို့အား ခွဲဝေပေးကြ၏။
36 နှစ်သိမ့်ခြင်း၏သားဟူသောအဓိပ္ပာယ်ရှိသည့် ဗာနဗဟု တမန်တော်တို့ခေါ်ကြသော ဆိုက်ပရပ်ကျွန်းသား လေဝိအနွယ်ဝင် ယောသပ်သည်
37 မိမိပိုင်ဆိုင်သောမြေယာကိုရောင်းပြီးလျှင် ငွေကိုယူဆောင်လာကာ တမန်တော်တို့၏ခြေရင်း၌ထားလေ၏။