တ​မန်​တော်​ဝတ္ထု 13 MSB

သာ​သ​နာ​ပြု​ကွင်း​အ​တွက် ပြင်​ဆင်​ခြင်း

1 အန္တိ​အုတ်​မြို့​၌​ရှိ​သော​အ​သင်း​တော်​တွင် ဗာ​န​ဗ၊ နိ​ဂါ​ဟု​ခေါ်​သော​ရှိ​မောင်၊ ကု​ရေ​နေ​မြို့​သား​လု​ကိ၊ နယ်​စား​ဟေ​ရုဒ်​နှင့်​နို့​စို့​ဖက်​ဖြစ်​သူ​မာ​နင်​နှင့် ရှော​လု စ​သည့်​ပ​ရော​ဖက်​များ​နှင့်​ဆ​ရာ​များ​ရှိ​ကြ​၏။

2 သူ​တို့​သည် သ​ခင်​ဘု​ရား​ကို​ဝတ်​ပြု​လျက် အ​စာ​ရှောင်​နေ​ကြ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က “ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို သူ​တို့​အ​တွက်​ငါ​သတ်​မှတ်​ထား​သော​အ​မှု​ကို​ဆောင်​ရွက်​စေ​ရန် ငါ့​အ​တွက် သီး​သန့်​ရွေး​ချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

3 ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​၍ ဆု​တောင်း​ကြ​ကာ ထို​သူ​နှစ်​ဦး​တို့​အ​ပေါ် လက်​တင်​ပြီး​နောက် သူ​တို့​ကို​စေ​လွှတ်​လိုက်​ကြ​၏။

ဆိုက်​ပ​ရပ်​ကျွန်း​တွင် သာ​သ​နာ​ပြု​ခြင်း

4 ဤ​သို့​ဖြင့် သူ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​စေ​လွှတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​၍ သေ​လု​ကိ​မြို့​သို့ ဆင်း​သွား​ပြီး​လျှင် ထို​မြို့​မှ ဆိုက်​ပ​ရပ်​ကျွန်း​သို့ ရွက်​လွှင့်​ကြ​၏။

5 ရှာ​လ​မိ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​တွင် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ဟော​ပြော​ကြ​၏။ သူ​တို့​သည်​ယော​ဟန်​ကို​လည်း အ​ကူ​အ​ညီ​ပေး​သူ​အ​ဖြစ် ခေါ်​သွား​ကြ​၏။

6 တစ်​ကျွန်း​လုံး​ကို​လှည့်​လည်​၍ ပါ​ဖု​မြို့​အ​ထိ​ရောက်​လျှင် ပ​ရော​ဖက်​အ​တု​အ​ယောင်​ဖြစ်​သည့် ဗာ​ယေ​ရှု​အ​မည်​ရှိ​သော ဂျူး​လူ​မျိုး​မှော်​ဆ​ရာ​တစ်​ဦး​ကို တွေ့​ကြ​၏။

7 ထို​သူ​သည် ဉာဏ်​ထက်​မြက်​သူ​တစ်​ဦး​ဖြစ်​သည့် အုပ်​ချုပ်​ရေး​မှူး​သေ​ရ​ဂိ​ပေါ​လု​နှင့်​အ​တူ​ရှိ​နေ​၏။ ထို​အုပ်​ချုပ်​ရေး​မှူး​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​လို​၍ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ဖိတ်​ခေါ်​လေ​၏။

8 သို့​သော် မှော်​ဆ​ရာ​ဟု​အ​ဓိပ္ပာယ်​ရ​သည့် ဧ​လု​မ​အ​မည်​ရှိ​သော ထို​သူ​သည် အုပ်​ချုပ်​ရေး​မှူး​အား ယုံ​ကြည်​ခြင်း​မှ​လွှဲ​ဖယ်​စေ​ရန် ကြိုး​စား​ရှာ​ကြံ​လျက် ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ဟန့်​တား​လေ​၏။

9 ထို​အ​ခါ ပေါ​လု​ဟု​လည်း​ခေါ်​သော​ရှော​လု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် သူ့​ကို စေ့​စေ့​ကြည့်​ကာ

10 “အို စဉ်း​လဲ​ခြင်း​အ​ပေါင်း​နှင့်​လှည့်​စား​မှု​ရှိ​သ​မျှ​တို့​ဖြင့်​ပြည့်​ဝ​သူ၊ မာရ်​နတ်​၏​သား၊ ဖြောင့်​မတ်​ခြင်း​အ​ပေါင်း​တို့​၏​ရန်​သူ၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဖြောင့်​မတ်​သော​လမ်း​တို့​ကို ကွေ့​ကောက်​အောင်​လုပ်​ခြင်း​မှ မ​ရပ်​တန့်​ဘဲ​နေ​မည်​လော။

11 ကြည့်​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​လက်​တော်​သည် ယ​ခု​ပင် သင့်​အ​ပေါ်​သို့​ကျ​ရောက်​သ​ဖြင့် သင်​သည် မျက်​စိ​ကွယ်​လျက် ကာ​လ​အ​တန်​ကြာ နေ​ကို​မ​မြင်​ဘဲ​နေ​လိမ့်​မည်”​ဟု ဆို​၏။ ထို​ခ​ဏ​ချင်း​တွင် မှုန်​ဝါး​ခြင်း​နှင့်​မှောင်​မိုက်​ခြင်း​တို့​သည် သူ့​အ​ပေါ်​ကျ​ရောက်​သ​ဖြင့် သူ​သည် လက်​ဆွဲ​၍​လမ်း​ပြ​မည့်​သူ​ကို စမ်း​တ​ဝါး​ဝါး​လိုက်​ရှာ​လေ​၏။

12 အုပ်​ချုပ်​ရေး​မှူး​သည် ဖြစ်​ပျက်​သော​အ​မှု​အ​ရာ​ကို​မြင်​လျှင် သ​ခင်​ဘု​ရား​နှင့်​ပတ်​သက်​သော​သွန်​သင်​ချက်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ယုံ​ကြည်​လေ​၏။

အန္တိ​အုတ်​မြို့​၌ ပေါ​လု​ဟော​ပြော​ခြင်း

13 ပေါ​လု​နှင့်​သူ​၏​အ​ပေါင်း​အ​ပါ​တို့​သည် ပါ​ဖု​မြို့​မှ​ရွက်​လွှင့်​၍ ပံ​ဖု​လိ​ပြည်၊ ပေ​ရ​ဂေ​မြို့​သို့​ရောက်​ကြ​၏။ ထို​အ​ခါ ယော​ဟန်​သည် သူ​တို့​ထံ​မှ ခွဲ​ခွာ​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့ ပြန်​သွား​လေ​၏။

14 သူ​တို့​မူ​ကား ပေ​ရ​ဂေ​မြို့​ကို​ဖြတ်​သွား​၍ ပိ​သိ​ဒိ​ပြည်၊ အန္တိ​အုတ်​မြို့​သို့​ရောက်​ကြ​ပြီး​လျှင် ဥ​ပုသ်​နေ့​၌ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ထဲ​သို့​ဝင်​၍ ထိုင်​ကြ​၏။

15 ပ​ညတ်​တ​ရား​ကျမ်း​နှင့် ပ​ရော​ဖက်​ကျမ်း​များ​ကို ဖတ်​ကြား​ပြီး​သော​အ​ခါ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​များ​သည် သူ​တို့​ထံ လူ​လွှတ်​၍ “ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် လူ​တို့​အား တိုက်​တွန်း​အား​ပေး​စ​ကား​တစ်​စုံ​တစ်​ခု​ရှိ​လျှင် ပြော​ကြ​ပါ”​ဟု ဆို​ကြ​၏။

16 ထို​အ​ခါ ပေါ​လု​သည်​ထ​၍ လက်​ရိပ်​ပြ​လျက် “အစ္စ​ရေး​အ​မျိုး​သား​တို့​နှင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့၊ နား​ထောင်​ကြ​ပါ။

17 အစ္စ​ရေး​လူ​မျိုး​၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘိုး​ဘေး​များ​ကို ရွေး​ကောက်​တော်​မူ​၍ အီ​ဂျစ်​ပြည်​၌ ဧည့်​သည်​အ​ဖြစ်​နေ​ထိုင်​စဉ် ဤ​လူ​မျိုး​တော်​ကို ချီး​မြှောက်​တော်​မူ​၏။ ထို့​နောက် အား​ကြီး​သော​လက်​ရုံး​တော်​အား​ဖြင့် သူ​တို့​ကို ထို​တိုင်း​ပြည်​မှ ထုတ်​ဆောင်​တော်​မူ​ပြီး

18 အ​နှစ်​လေး​ဆယ်​ခန့်​မျှ​သော​ကာ​လ​ပတ်​လုံး တော​ကန္တာ​ရ​တွင် သူ​တို့​ကို သည်း​ခံ​တော်​မူ​၏။

19 ထို့​နောက် ခါ​နာန်​ပြည်​ရှိ​လူ​မျိုး​ခု​နစ်​မျိုး​တို့​ကို ဖျက်​ဆီး​၍ သူ​တို့​၏​တိုင်း​ပြည်​ကို လူ​မျိုး​တော်​အား အ​မွေ​အ​ဖြစ်​ခွဲ​ဝေ​ပေး​တော်​မူ​၏။

20 ဤ​အ​ရာ​တို့​သည် နှစ်​ပေါင်း​လေး​ရာ​ငါး​ဆယ်​ခန့်​ကြာ​၏။ ထို့​နောက် ပ​ရော​ဖက်​ရှ​မွေ​လ​ခေတ်​တိုင်​အောင် သူ​တို့​အား တ​ရား​သူ​ကြီး​များ​ကို ပေး​တော်​မူ​၏။

21 ထို​မှ​တစ်​ဖန် သူ​တို့​သည် ဘု​ရင်​ကို​တောင်း​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် ဗင်္ယာ​မိန်​အ​နွယ်​မှ ကိ​ရှ​၏​သား​ရှော​လု​ကို အ​နှစ်​လေး​ဆယ်​တိုင်​တိုင် သူ​တို့​အား ပေး​တော်​မူ​၏။

22 ရှော​လု​ကို​ဖယ်​ရှား​ပြီး​နောက် ဒါ​ဝိဒ်​အား သူ​တို့​၏​ဘု​ရင်​အ​ဖြစ် ချီး​မြှောက်​တော်​မူ​လျက် သူ​နှင့်​ပတ်​သက်​၍ သက်​သေ​ခံ​သည်​ကား ‘ငါ​၏​စိတ်​နှင့်​တွေ့​သူ၊ ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​ကို ငါ​တွေ့​ပြီ။ သူ​သည် ငါ​၏​အ​လို​ရှိ​သ​မျှ​ကို ဆောင်​ရွက်​လိမ့်​မည်’​ဟု မိန့်​တော်​မူ​၏။

23 ဘု​ရား​သ​ခင်​သည် က​တိ​တော်​အ​တိုင်း အစ္စ​ရေး​လူ​မျိုး​အ​တွက် ကယ်​တင်​ရှင်​ယေ​ရှု​ကို ဤ​ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​မှ ပေါ်​ထွန်း​စေ​တော်​မူ​၏။

24 ထို​အ​ရှင်​ကြွ​လာ​တော်​မ​မူ​မီ ယော​ဟန်​သည် အစ္စ​ရေး​လူ​မျိုး​အ​ပေါင်း​တို့​အား နောင်​တ​နှင့်​ဆိုင်​သော​ဗတ္တိ​ဇံ​တ​ရား​ကို ကြို​တင်​ဟော​ပြော​လေ​၏။

25 ယော​ဟန်​သည် တစ်​ဘ​ဝ​တာ တာ​ဝန်​ပြီး​စီး​တော့​မည့်​အ​ချိန်​၌ ‘သင်​တို့​သည် ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု ထင်​မှတ်​ကြ​သ​နည်း။ ငါ​သည် ထို​အ​ရှင်​မ​ဟုတ်။ ထို​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​တော်​မူ​၏။ ထို​အ​ရှင်​၏​ခြေ​မှ ခြေ​နင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်​တန်’​ဟု ဆို​၏။

26 အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဝင်​ဖြစ်​သူ​များ​နှင့် သင်​တို့​ထဲ​မှ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​သော​ညီ​အစ်​ကို​တို့၊ ဤ​ကယ်​တင်​ခြင်း​သ​တင်း​စ​ကား​သည် ငါ​တို့​ထံ​သို့ ပေး​ပို့​ခြင်း​ခံ​ရ​၏။

27 ဂျေ​ရု​ဆ​လင်​မြို့​တွင်​နေ​ထိုင်​သော​သူ​များ​နှင့် သူ​တို့​၏​အ​ကြီး​အ​ကဲ​များ​သည် ထို​အ​ရှင်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​တိုင်း​ဖတ်​ကြား​သည့် ပ​ရော​ဖက်​တို့​၏​စ​ကား​ကို​လည်း​ကောင်း မ​သိ​နား​မ​လည်​ကြ​၍ ထို​အ​ရှင်​ကို ပြစ်​ဒဏ်​စီ​ရင်​ခြင်း​အား​ဖြင့် ထို​စ​ကား​တို့​ကို ပြည့်​စုံ​စေ​ကြ​၏။

28 သူ​တို့​သည် ကိုယ်​တော်​၌ သေ​ဒဏ်​ချ​မှတ်​နိုင်​သည့်​ပြစ်​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​သော်​လည်း ကိုယ်​တော်​ကို​ကွပ်​မျက်​ရန် ပိ​လတ်​မင်း​အား တောင်း​ဆို​ကြ​၏။

29 ဤ​သို့​ဖြင့် ကိုယ်​တော်​ကို​ရည်​ညွှန်း​၍ ရေး​ထား​သော​အ​ရာ​အား​လုံး​တို့​ကို ပြု​ကြ​ပြီး​သော​အ​ခါ အ​လောင်း​တော်​ကို သစ်​တိုင်​မှ​ချ​၍ သင်္ချိုင်း​ဂူ​ထဲ​တွင် သွင်း​ထား​ကြ​၏။

30 သို့​သော် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​၏။

31 ကိုယ်​တော်​သည် ဂါ​လိ​လဲ​နယ်​မှ ဂျေ​ရု​ဆ​လင်​မြို့​သို့ မိ​မိ​နှင့်​အ​တူ​လိုက်​ပါ​ခဲ့​ကြ​သော​သူ​တို့​အား ရက်​ပေါင်း​များ​စွာ​အ​တွင်း ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။ ယ​ခု​အ​ခါ ထို​သူ​တို့​သည် လူ​တို့​ရှေ့​တွင် ကိုယ်​တော်​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

32 ငါ​တို့​သည်​လည်း ဘိုး​ဘေး​များ​အား​ပေး​တော်​မူ​သော က​တိ​တော်​နှင့်​ဆိုင်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား ဟော​ပြော​ကြ​၏။

33 ဘု​ရား​သ​ခင်​သည် ယေ​ရှု​ကို​ထ​မြောက်​စေ​၍ ဘိုး​ဘေး​တို့​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော​ငါ​တို့​အ​တွက် ထို​က​တိ​တော်​တို့​ကို ပြည့်​စုံ​စေ​တော်​မူ​ပြီ။ ဤ​သည်​ကား ဒု​တိ​ယ​မြောက်​သော​ဆာ​လံ​ကျမ်း​၌ ‘သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖွား​မြင်​စေ​ပြီ’​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

34 ကိုယ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​ပြီး နောက်​တစ်​ဖန် ပုပ်​ပျက်​ခြင်း​သို့​မ​ရောက်​စေ​သည့်​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဘု​ရား​သ​ခင်​က ‘ငါ​သည် ဒါ​ဝိဒ်​အား​ပေး​ထား​သည့် သန့်​ရှင်း​၍​ယုံ​ကြည်​ထိုက်​သော​ကောင်း​ချီး​ကို သင်​တို့​အား​ပေး​မည်’​ဟု မိန့်​တော်​မူ​ခဲ့​၏။

35 ထို့​ကြောင့် အ​ခြား​သော​ဆာ​လံ​ကျမ်း​တွင်​လည်း ‘ကိုယ်​တော်​၏​သန့်​ရှင်း​သော​သူ​အား ပုပ်​ပျက်​ခြင်း​နှင့် ကြုံ​တွေ့​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်’​ဟု မိန့်​ဆို​ထား​၏။

36 အ​ကြောင်း​မှာ ဒါ​ဝိဒ်​သည် မိ​မိ​လက်​ထက်​၌ ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင် အိပ်​ပျော်​၍ မိ​မိ​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ခြင်း​ခံ​ရ​လျက် ပုပ်​ပျက်​ခြင်း​နှင့် ကြုံ​တွေ့​ရ​၏။

37 သို့​သော် ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​မူ​ကား ပုပ်​ပျက်​ခြင်း​နှင့် မ​ကြုံ​တွေ့​ခဲ့​ပေ။

38 ထို့​ကြောင့် ညီ​အစ်​ကို​တို့၊ ထို​အ​ရှင်​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​မ​ခံ​ရ​နိုင်​သော​အ​ရာ​အား​လုံး​တို့​မှ​လွတ်​၍

39 ထို​အ​ရှင်​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​မှတ်​ကြ​လော့။

40-41 သို့​ဖြစ်​၍ ‘မ​ထီ​မဲ့​မြင်​ပြု​တတ်​သော​သူ​တို့၊ ကြည့်​ရှု​လျက်​အံ့​ဩ​ကြ​ကာ ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား ငါ​သည် သင်​တို့​လက်​ထက်​၌ အ​မှု​တစ်​ခု​ကို ပြု​လုပ်​မည်။ တစ်​စုံ​တစ်​ယောက်​က ထို​အ​မှု​ကို သင်​တို့​အား အ​ကုန်​အ​စင်​ပြော​ပြ​သော်​လည်း သင်​တို့​သည် လုံး​ဝ​ယုံ​ကြည်​ကြ​မည်​မ​ဟုတ်’​ဟု ပ​ရော​ဖက်​များ​အား​ဖြင့် မိန့်​တော်​မူ​ထား​သော​အ​ရာ​သည် သင်​တို့​အ​ပေါ် မ​သက်​ရောက်​မည့်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့”​ဟု ဆို​လေ​၏။

အန္တိ​အုတ်​မြို့​ရောက် ပေါ​လု​နှင့်​ဗာ​န​ဗ

42 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့ ထွက်​ခွာ​လာ​ကြ​စဉ် လူ​တို့​က လာ​မည့်​ဥ​ပုသ်​နေ့​၌​လည်း ဤ​အ​ကြောင်း​အ​ရာ​များ​ကို မိ​မိ​တို့​အား ဟော​ပြော​ပါ​ရန်​တောင်း​ပန်​ကြ​၏။

43 ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ဆင်း​သော​အ​ခါ များ​စွာ​သော​ဂျူး​လူ​မျိုး​မှ​စ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သည့် ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​သူ​တို့​သည် ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​နောက်​သို့ လိုက်​ကြ​၏။ သူ​တို့​နှစ်​ဦး​သည်​လည်း ထို​သူ​တို့​အား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​၌ ဆက်​လက်​တည်​နေ​ကြ​ရန် အား​ပေး​တိုက်​တွန်း​ကြ​၏။

44 နောက်​ဥ​ပုသ်​နေ့​တွင် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​ရန် တစ်​မြို့​လုံး​နီး​ပါး စု​ဝေး​လာ​ကြ​၏။

45 သို့​သော် ဂျူး​လူ​မျိုး​တို့​သည် ထို​လူ​အ​စု​အ​ဝေး​ကို​မြင်​လျှင် မ​နာ​လို​စိတ်​နှင့်​ပြည့်​၍ ပေါ​လု​ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​များ​ကို ဆန့်​ကျင်​လျက် စော်​ကား​ပြော​ဆို​ကြ​၏။

46 ထို​အ​ခါ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည် ရဲ​ရင့်​စွာ​ဟော​ပြော​လျက် “ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို သင်​တို့​အား ဦး​စွာ​ဟော​ပြော​ရန်​လို​အပ်​၏။ သို့​သော် သင်​တို့​သည် ၎င်း​ကို​ငြင်း​ပယ်​၍ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝ​ရ​အ​သက်​နှင့်​မ​ထိုက်​တန်​ဟု စီ​ရင်​ကြ​သော​ကြောင့် ငါ​တို့​သည် လူ​မျိုး​ခြား​တို့​ထံ​သို့ လှည့်​သွား​ကြ​၏။

47 အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​က ‘သင်​တို့​သည် ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​ရှိ​စေ​ရန် ငါ​သည် သင်​တို့​ကို လူ​မျိုး​ခြား​တို့​အ​တွက် အ​လင်း​အ​ဖြစ် ခန့်​ထား​ပြီ’​ဟူ​၍ ငါ​တို့​အား မိန့်​မှာ​တော်​မူ​၏”​ဟု ဆို​လေ​၏။

48 လူ​မျိုး​ခြား​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် ဝမ်း​မြောက်​လျက် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ချီး​မွမ်း​ကြ​၏။ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​သော​သူ​ရှိ​သ​မျှ​တို့​သည်​လည်း ယုံ​ကြည်​ကြ​၏။

49 ဤ​သို့​ဖြင့် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​သည် ထို​အ​ရပ်​ဒေ​သ​တစ်​လျှောက်​လုံး​တွင် ပျံ့​နှံ့​သွား​လေ​၏။

50 သို့​သော် ဂျူး​လူ​မျိုး​တို့​သည် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော ဂုဏ်​သ​ရေ​ရှိ​အ​မျိုး​သ​မီး​များ​နှင့် မြို့​၏​ခေါင်း​ဆောင်​များ​ကို တိုက်​တွန်း​၍ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​ရန် သွေး​ထိုး​လှုံ့​ဆော်​ကာ သူ​တို့​ကို မိ​မိ​တို့​၏​အ​ရပ်​ဒေ​သ​မှ နှင်​ထုတ်​ကြ​၏။

51 ထို​အ​ခါ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည် ထို​သူ​တို့​တစ်​ဖက်​၌ ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ပြီး​လျှင် ဣ​ကော​နိ​မြို့​သို့ သွား​ကြ​၏။

52 တ​ပည့်​တော်​တို့​သည်​လည်း ဝမ်း​မြောက်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​ဝ​လျက်​ရှိ​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28