3 ပေါလုကလည်း “သို့ဖြစ်လျှင် မည်သည့်ဗတ္တိဇံကို ခံခဲ့ကြသနည်း”ဟု မေးလျှင် သူတို့က “ယောဟန်၏ဗတ္တိဇံကို ခံခဲ့ကြပါသည်”ဟု ဖြေကြားကြ၏။
4 ထိုအခါ ပေါလုက “ယောဟန်သည် ‘မိမိနောက်တွင်ကြွလာမည့်အရှင်ကိုယုံကြည်ရမည်’ဟု ဆိုလျက် လူတို့အား နောင်တနှင့်ဆိုင်သောဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ယေရှုကိုဆိုလို၏”ဟု ဆိုလေ၏။
5 သူတို့သည် ထိုစကားကိုကြားလျှင် သခင်ယေရှု၏နာမတော်၌ ဗတ္တိဇံခံကြ၏။
6 ပေါလုသည် သူတို့အပေါ်လက်တင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သဖြင့် သူတို့သည် အခြားသောဘာသာစကားများကိုပြောဆိုလျက် ပရောဖက်ပြုဟောပြောကြ၏။
7 ထိုသူတို့သည် အားလုံးပေါင်းတစ်ဆယ့်နှစ်ယောက်ခန့်မျှရှိကြ၏။
8 ထို့နောက် ပေါလုသည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သုံးလပတ်လုံး ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးပြောဆိုကာ လူတို့ကိုစည်းရုံးလေ၏။
9 သို့သော် လူအချို့တို့သည် ခေါင်းမာလျက် မယုံကြည်ဘဲ လူထုပရိသတ်ရှေ့တွင် တရားလမ်းကို ပုတ်ခတ်ပြောဆိုကြသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ ထိုသူတို့ထံမှ ထွက်ခွာပြီး တုရန္နု၏စာသင်ခန်းမ၌ နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆိုလေ၏။