24 တပ်မှူးကြီးသည် ပေါလုကို စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေး၍ လူတို့သည် အဘယ်ကြောင့် သူ့ကိုဆန့်ကျင်လျက် ထိုသို့အော်ဟစ်ကြသည်ကို သိရှိရန်အတွက် သူ့ကိုကြိမ်ဒဏ်ပေး၍ စစ်ဆေးကြရန် ညွှန်ကြားလေ၏။
25 သူ့ကို ကြိုးနှင့်ချည်နှောင်ကြသောအခါ ပေါလုက အနီး၌ရပ်နေသောတပ်မှူးအား “သင်တို့၌ ရောမနိုင်ငံသားတစ်ဦးကို မစစ်ဆေးဘဲ ဒဏ်ခတ်ရိုက်နှက်ပိုင်ခွင့်ရှိသလော”ဟု မေးလေ၏။
26 တပ်မှူးသည် ထိုစကားကိုကြားလျှင် တပ်မှူးကြီးထံချဉ်းကပ်လျက် “သင်မည်သို့ပြုမည်နည်း။ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်”ဟု သတင်းပို့လေ၏။
27 ထိုအခါ တပ်မှူးကြီးသည် ပေါလုထံသို့လာ၍ “ငါ့ကိုပြောပါလော့။ သင်သည် ရောမနိုင်ငံသားဖြစ်သလော”ဟု မေးလျှင် ပေါလုက “ဟုတ်ပါသည်”ဟု ဆို၏။
28 တပ်မှူးကြီးကလည်း “ငါသည် ငွေအမြောက်အမြားပေး၍ ဤနိုင်ငံသားအဖြစ်ကို ရရှိသည်”ဟု ဆိုလျှင် ပေါလုက “အကျွန်ုပ်သည် ရောမနိုင်ငံသားအဖြစ် မွေးဖွားလာခဲ့ပါသည်”ဟု ဆို၏။
29 ထို့ကြောင့် သူ့ကိုစစ်ဆေးမည့်သူများသည် ချက်ချင်း သူ့ထံမှ ဆုတ်ခွာသွားကြ၏။ တပ်မှူးကြီးကလည်း ပေါလုသည် ရောမနိုင်ငံသားဖြစ်ကြောင်းသိလျှင် သူ့ကိုချည်နှောင်လိုက်မိသည့်အတွက် ကြောက်ရွံ့လေ၏။
30 နောက်တစ်နေ့တွင် တပ်မှူးကြီးသည် ဂျူးလူမျိုးတို့၏စွပ်စွဲခြင်းကို ပေါလုအဘယ်ကြောင့်ခံနေရသည်ကို အတိအကျသိလိုသဖြင့် ပေါလုကို အချည်အနှောင်မှဖြေပေးကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်တစ်ခုလုံးအား စုဝေးကြရန် အမိန့်ပေးပြီးလျှင် ပေါလုကိုခေါ်ဆောင်လာ၍ သူတို့ရှေ့၌ရပ်စေ၏။