1 ထိုအခါ အဂြိပ္ပမင်းကြီးသည် ပေါလုအား “သင့်အကြောင်းကို သင်ကိုယ်တိုင်ပြောဆိုနိုင်ပြီ”ဟု အမိန့်ရှိသဖြင့် ပေါလုသည် လက်ကိုဆန့်၍
2 “အဂြိပ္ပမင်းကြီး၊ ဂျူးလူမျိုးတို့သည် အကျွန်ုပ်အပေါ်စွဲဆိုထားသည့်အမှုအားလုံးနှင့်ပတ်သက်၍ အရှင်မင်းကြီး၏ရှေ့တော်၌ ယနေ့ ချေပပြောဆိုရတော့မည်ကို မင်္ဂလာတစ်ပါးဖြစ်သည်ဟု အကျွန်ုပ်မှတ်ယူပါသည်။
3 အထူးသဖြင့် အရှင်မင်းကြီးသည် ဂျူးလူမျိုးတို့၏ဓလေ့ထုံးစံနှင့် ပြဿနာအလုံးစုံတို့ကို သိကျွမ်းသူဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အကျွန်ုပ်၏လျှောက်ထားချက်ကို စိတ်ရှည်စွာနားထောင်ပေးပါရန် အကျွန်ုပ်တောင်းပန်ပါသည်။
4 အကျွန်ုပ်သည် မိမိလူမျိုးထဲ၌လည်းကောင်း၊ ဂျေရုဆလင်မြို့၌လည်းကောင်း အစပြုခဲ့သည့် ငယ်ရွယ်စဉ်ဘဝမှစ၍ အကျွန်ုပ်မည်ကဲ့သို့ပြုမူနေထိုင်ခဲ့သည်ကို ဂျူးလူမျိုးအားလုံးသိကြပါသည်။
5 သူတို့သည် အကျွန်ုပ်ကို ယခင်ကတည်းက သိထားကြသည်ဖြစ်၍ အကျွန်ုပ်သည် အကျွန်ုပ်တို့ဘာသာတွင် စည်းမျဉ်းအတင်းကျပ်ဆုံးသောဂိုဏ်းဖြစ်သည့် ဖာရိရှဲဂိုဏ်းဝင်တစ်ဦးအဖြစ် အသက်ရှင်ခဲ့ကြောင်း သူတို့သက်သေခံလိုလျှင် သက်သေခံနိုင်ပါသည်။
6 ယခု အကျွန်ုပ်သည် အကျွန်ုပ်တို့ဘိုးဘေးများအား ဘုရားသခင်ပေးထားသောကတိတော်နှင့်ဆိုင်သည့် မျှော်လင့်ခြင်းအတွက် ရပ်လျက် စစ်ဆေးစီရင်ခံနေရခြင်းဖြစ်ပါသည်။
7 အကျွန်ုပ်တို့၏မျိုးနွယ်စု တစ်ဆယ့်နှစ်မျိုးသည် နေ့ရောညပါ စိတ်အားထက်သန်စွာဖြင့် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် ထိုကတိတော်အတိုင်း ခံစားရရန် မျှော်လင့်နေကြပါသည်။ အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဤမျှော်လင့်ခြင်းအတွက် ဂျူးလူမျိုးတို့၏စွဲဆိုခြင်းကိုခံနေရပါသည်။
8 သေလွန်သောသူတို့အား ဘုရားသခင်ထမြောက်စေတော်မူသည်ကို မယုံနိုင်စရာဟု အရှင်တို့ အဘယ်ကြောင့်ထင်မှတ်ကြပါသနည်း။
9 အမှန်စင်စစ် အကျွန်ုပ်ကိုယ်တိုင်သည်လည်း နာဇရက်မြို့သားယေရှု၏နာမတော်အား ဆန့်ကျင်သည့်အမှုများစွာတို့ကိုပြုရမည်ဟုထင်မှတ်၍
10 ဂျေရုဆလင်မြို့တွင် ထိုအတိုင်းပြုခဲ့ပါသည်။ အကျွန်ုပ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများထံမှ အခွင့်အာဏာကိုရရှိလျက် များစွာသောသန့်ရှင်းသူတို့ကို ထောင်ထဲ၌ပိတ်လှောင်ထားကာ သူတို့အသတ်ခံရသည့်အခါလည်း ထောက်ခံခဲ့ပါသည်။
11 ဝတ်ပြုစည်းဝေးကျောင်းတိုင်းတွင်လည်း သူတို့ကို မကြာခဏပြစ်ဒဏ်ပေးလျက် ဘုရားသခင်ကိုစော်ကားပြောဆိုကြရန် အတင်းအကျပ်စေခိုင်းခဲ့ပါသည်။ ထိုမျှမက သူတို့အပေါ် အလွန်ဒေါသထွက်၍ တိုင်းတစ်ပါးမြို့များသို့တိုင်အောင် သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါသည်။
12 ဤသို့ဖြင့် အကျွန်ုပ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများ၏ခွင့်ပြုချက်နှင့်အခွင့်အာဏာတို့ပါလျက် ဒမတ်စကပ်မြို့သို့သွားစဉ်
13 မွန်းတည့်ချိန်တွင် လမ်း၌ နေရောင်ခြည်ထက်မကတောက်ပသော ကောင်းကင်မှအလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူခရီးသွားသူများပတ်လည်တွင် ထွန်းလင်းသည်ကို အကျွန်ုပ်မြင်ရပါသည်၊ အရှင်မင်းကြီး။
14 အကျွန်ုပ်တို့အားလုံးသည် မြေပေါ်သို့လဲကျသွားရာ ဟေဗြဲဘာသာစကားဖြင့် ‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း။ တုတ်ချွန်ကိုကန်ရန် သင့်အတွက်ခက်၏’ဟု အကျွန်ုပ်အားပြောသောအသံကို အကျွန်ုပ်ကြားရပါသည်။
15 ထိုအခါ အကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ဟု မေးလျှောက်လျှင် သခင်ဘုရားက ‘ငါသည် သင်ညှဉ်းဆဲသောယေရှုဖြစ်၏။
16 သင်သည်ထ၍ သင့်ခြေဖြင့်မတ်တတ်ရပ်လော့။ ငါသည် သင့်ထံထင်ရှားသည်မှာ ငါ့ကိုသင်မြင်ရသည့်အကြောင်းနှင့် သင့်အား ငါထင်ရှားပြမည့်အရာများအတွက် သင့်ကို အမှုတော်ဆောင်အဖြစ်လည်းကောင်း၊ သက်သေအဖြစ်လည်းကောင်း ခန့်ထားရန်ဖြစ်၏။
17 ငါသည် ဂျူးလူမျိုး၏လက်မှလည်းကောင်း၊ လူမျိုးခြားတို့၏လက်မှလည်းကောင်း သင့်ကိုကယ်နုတ်မည်။ ထိုသူတို့ထံသို့သင့်ကို ငါစေလွှတ်၏။
18 ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
19 ထို့ကြောင့် အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည် ကောင်းကင်ဘုံမှဗျာဒိတ်ရူပါရုံကို နားမထောင်၍မနေဘဲ
20 ဦးစွာ ဒမတ်စကပ်မြို့၌ရှိသောသူတို့ကိုလည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့နှင့် ယုဒနယ်တစ်နယ်လုံး၌ရှိသောသူတို့ကိုလည်းကောင်း၊ လူမျိုးခြားတို့ကိုလည်းကောင်း နောင်တရ၍ ဘုရားသခင်ထံပြောင်းလဲကာ နောင်တနှင့်ထိုက်တန်သောအမှုများကို ပြုကြရန် ဟောပြောခဲ့ပါသည်။
21 ဤအကြောင်းများကြောင့် ဂျူးလူမျိုးတို့သည် အကျွန်ုပ်ကို ဗိမာန်တော်၌ဖမ်းဆီး၍ သတ်ရန်ကြိုးစားခဲ့ကြသည်။
22 သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏မစခြင်းကျေးဇူးကိုခံစားရ၍ ယနေ့တိုင်အောင် ရပ်လျက် လူကြီးလူငယ်တို့အား သက်သေခံနေပါသည်။ ထိုသို့သက်သေခံရာ၌ နောင်တွင် ဖြစ်ပျက်မည်ဟု မောရှေနှင့်ပရောဖက်တို့ဟောပြောခဲ့သည့်အရာများမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မပြောဆိုခဲ့ပါ။
23 သူတို့ဟောပြောခဲ့သည့်အရာမှာ ခရစ်တော်သည် ဝေဒနာခံစားရလျက် သေသောသူတို့ထဲမှ အဦးဆုံးရှင်ပြန်ထမြောက်ခြင်းအားဖြင့် အစ္စရေးလူမျိုးနှင့် လူမျိုးခြားတို့ထံ အလင်းတရားကိုဟောပြောတော်မူမည်ဟူသည့်အကြောင်း ဖြစ်ပါသည်”ဟု ချေပပြောဆိုလေ၏။
24 ပေါလုသည် ဤသို့ချေပပြောဆိုနေစဉ် ဖေတ္တုမင်းက “ပေါလု၊ သင်သည်ရူးသွပ်နေပြီ။ သင်၏လွန်ကဲသောကျမ်းဂန်လေ့လာမှုသည် သင့်ကို သူရူးဖြစ်စေပြီ”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
25 သို့သော် ပေါလုက “မြတ်သောဖေတ္တုမင်း၊ အကျွန်ုပ်မရူးသွပ်ပါ။ မှန်ကန်၍ သင့်မြတ်သောစကားတို့ကို ပြောဆိုနေခြင်းသာ ဖြစ်ပါသည်။
26 အဂြိပ္ပမင်းကြီးသည် ဤအကြောင်းအရာများကို သိတော်မူသည်ဖြစ်၍ ရှေ့တော်၌ ရဲရင့်စွာပြောဆိုနေခြင်းဖြစ်ပါသည်။ ဤအရာများသည် ဆိတ်ကွယ်ရာအရပ်၌ဖြစ်ပျက်ခဲ့သည့်အရာမဟုတ်သောကြောင့် ၎င်းတို့ထဲမှ မင်းကြီးမသိသောအရာတစ်စုံတစ်ခုမျှ ရှိမည်မဟုတ်ဟု အကျွန်ုပ်ထင်မြင်ပါသည်။
27 အဂြိပ္ပမင်းကြီး၊ အရှင်သည် ပရောဖက်ကျမ်းများကို ယုံကြည်တော်မူပါသလော။ ယုံကြည်တော်မူကြောင်း အကျွန်ုပ်သိပါသည်”ဟု လျှောက်လေ၏။
28 ထိုအခါ အဂြိပ္ပမင်းကြီးက “သင်သည် တိုတောင်းသောအချိန်အတွင်း၌ ငါ့ကိုခရစ်ယာန်ဖြစ်အောင် စည်းရုံးနေပါတကား”ဟု ပေါလုအား ဆိုလေ၏။
29 ပေါလုကလည်း “တိုတောင်းသောအချိန်အတွင်းဖြစ်စေ၊ ကြာရှည်သောအချိန်အတွင်းဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့ အကျွန်ုပ်၏စကားကိုနားထောင်သူအပေါင်းတို့သည်လည်း ဤချည်နှောင်ခြင်းမှတစ်ပါး အကျွန်ုပ်ကဲ့သို့ဖြစ်လာကြရန် ဘုရားသခင်ထံ အကျွန်ုပ်ဆုတောင်းပါသည်”ဟု လျှောက်လေ၏။
30 ထိုအခါ မင်းကြီးနှင့်ဘုရင်ခံတို့သည်ထပြီး မိဖုရားဗေရနိတ်မှစ၍ သူတို့နှင့်အတူထိုင်နေသောသူတို့သည်လည်း ထကြ၏။
31 သူတို့သည် ထွက်ခွာသွားပြီးနောက် “ဤသူသည် သေဒဏ် သို့မဟုတ် အချုပ်အနှောင်ခံထိုက်သောအရာ တစ်စုံတစ်ခုမျှ မပြုခဲ့ပါ”ဟု အချင်းချင်းပြောဆိုကြ၏။
32 အဂြိပ္ပမင်းကြီးကလည်း ဖေတ္တုမင်းအား “ဤသူသည် ဆီဇာဧကရာဇ်ထံ အယူခံမဝင်ခဲ့လျှင် သူ့ကိုလွှတ်ပေးနိုင်သည်”ဟု ဆိုလေ၏။