11 သုံးလကြာပြီးနောက် ထိုကျွန်းပေါ်တွင် ဆောင်းခိုနေသည့် နတ်အမြွာညီနောင်ရုပ်ပါအလက်ဇန္ဒြိယသင်္ဘောဖြင့် ငါတို့သည် ရွက်လွှင့်ကြ၏။
12 ထို့နောက် သရကုတ်မြို့၌ဆိုက်ကပ်လျက် သုံးရက်နေပြီးမှ
13 တစ်ဖန် ရွက်လွှင့်ပြန်ရာ ရေဂျုန်မြို့သို့ရောက်ကြ၏။ နောက်တစ်နေ့တွင် တောင်လေတိုက်လာသဖြင့် ဒုတိယနေ့၌ ပေါတယောလိမြို့သို့ရောက်ကြ၏။
14 ထိုမြို့တွင် ညီအစ်ကိုတို့ကိုတွေ့ရှိလျှင် သူတို့သည် ငါတို့ကို ခုနစ်ရက်ခန့်နေထိုင်ရန် ဖိတ်ခေါ်ကြ၏။ ဤသို့ဖြင့် ငါတို့သည် ရောမမြို့သို့ရောက်လာကြ၏။
15 ငါတို့အကြောင်းကိုကြားသော ညီအစ်ကိုတို့သည် ငါတို့နှင့်တွေ့ဆုံရန် ရောမမြို့မှ အပ္ပိအရပ်နှင့် ဧည့်ရိပ်သာသုံးဆောင်ဟုခေါ်သောအရပ်တိုင်အောင် လာကြ၏။ ပေါလုသည် ထိုသူတို့ကိုမြင်လျှင် ဘုရားသခင်ကိုကျေးဇူးတင်လျက် အားတက်လာလေ၏။
16 ရောမမြို့သို့ဝင်ကြသောအခါ ပေါလုသည် သူ့ကိုစောင့်ကြပ်သည့် စစ်သားနှင့်အတူ သီးသန့်နေခွင့်ကိုရလေ၏။
17 သုံးရက်လွန်သောအခါ ပေါလုသည် ဂျူးလူမျိုးတို့၏ခေါင်းဆောင်များကိုဖိတ်ခေါ်၍ စုဝေးစေ၏။ သူတို့စုဝေးလာကြသောအခါ ပေါလုက “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် မိမိလူမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့၏ဓလေ့ထုံးစံများကိုလည်းကောင်း ဆန့်ကျင်သောအရာတစ်စုံတစ်ခုကိုမျှ မပြုခဲ့သော်လည်း ဂျေရုဆလင်မြို့တွင် အကျဉ်းသားအဖြစ် ရောမလူမျိုးတို့လက်သို့ အပ်နှံခြင်းခံခဲ့ရသည်။