13 ထိုဆီမီးခုံများအလယ်၌ ခြေဖျားတိုင်အောင်ရောက်သောဝတ်ရုံကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထားသည့် လူ့သားနှင့်တူသောသူတစ်ဦးကို ငါမြင်ရ၏။
14 ထိုသူ၏ဦးခေါင်းနှင့်ဆံပင်တို့သည် ဖြူသောသိုးမွေးကဲ့သို့လည်းကောင်း၊ နှင်းပွင့်ကဲ့သို့လည်းကောင်း ဖြူ၍ သူ၏မျက်စိတို့သည် မီးလျှံကဲ့သို့ဖြစ်ကြ၏။
15 သူ၏ခြေတို့သည် မီးပြင်းဖိုတွင်ချွတ်၍သန့်စင်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၍ သူ၏အသံသည် များစွာသောရေဟုန်၏အသံကဲ့သို့ဖြစ်၏။
16 သူ၏လက်ယာလက်တွင် ကြယ်ခုနစ်လုံးရှိ၍ သူ၏ခံတွင်းမှ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်ထွက်နေ၏။ သူ၏မျက်နှာသည် မိမိအရှိန်အဝါဖြင့် ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏။
17 ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက် “မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။
18 အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။
19 ထို့ကြောင့် သင်မြင်ခဲ့ရသောအရာများ၊ ယခုဖြစ်နေသောအရာများနှင့် နောင်တွင်ဖြစ်ပျက်တော့မည့်အရာများကို ရေးထားလော့။