1 ပဉ္စမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်မှမြေကြီးပေါ်သို့ကျလာသော ကြယ်တစ်လုံးကို ငါမြင်ရ၏။ ထိုကြယ်အား အတိုင်းမသိနက်ရှိုင်းသောတွင်း၏သော့ကို ပေးအပ်ထား၏။
2 သူသည် ထိုအတိုင်းမသိနက်ရှိုင်းသောတွင်းကို ဖွင့်လိုက်သောအခါ မီးဖိုကြီး၏မီးခိုးကဲ့သို့သောမီးခိုးများသည် ထိုတွင်းထဲမှတက်လာပြီး ထိုတွင်း၏မီးခိုးများကြောင့် နေနှင့်အာကာသသည် မှောင်မိုက်သွားလေ၏။
3 ထို့နောက် ထိုမီးခိုးထဲမှ ကျိုင်းကောင်များသည် မြေကြီးပေါ်သို့ထွက်လာကြ၏။ သူတို့အား မြေကြီး၏ကင်းမြီးကောက်တို့၌ရှိသည့် အစွမ်းကဲ့သို့သောအစွမ်းကို ပေးအပ်ထား၏။
4 မြေကြီးပေါ်ရှိမြက်ပင်များနှင့် မည်သည့်စိမ်းလန်းသောအရာ သို့မဟုတ် မည်သည့်သစ်ပင်ကိုမျှ ဘေးမသင့်စေဘဲ နဖူးပေါ်တွင် ဘုရားသခင်၏တံဆိပ်တော်မရှိသောသူတို့ကိုသာ ဘေးသင့်စေရန် သူတို့အားမှာထား၏။
5 ထို့ပြင် လူတို့ကိုအသေမသတ်ဘဲ ငါးလပတ်လုံးညှဉ်းဆဲသောအခွင့်ကိုပေးထား၏။ လူတို့ခံရသည့်ဝေဒနာသည် လူကို ကင်းမြီးကောက်ထိုးသောအခါ ခံရသည့်ဝေဒနာမျိုးနှင့်တူ၏။
6 ထိုနေ့ရက်များ၌ လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ သို့သော် တွေ့ကြမည်မဟုတ်။ အလွန်သေချင်သော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးလိမ့်မည်။
7 ထိုကျိုင်းကောင်တို့၏သဏ္ဌာန်သည် စစ်ပွဲအတွက်ပြင်ဆင်ထားသော စစ်မြင်းနှင့်တူ၏။ သူတို့၏ဦးခေါင်းပေါ်၌ ရွှေသရဖူကဲ့သို့သောအရာရှိ၍ သူတို့၏မျက်နှာသည် လူမျက်နှာနှင့်တူ၏။
8 သူတို့၌ မိန်းမဆံပင်နှင့်တူသောဆံပင်ရှိ၍ သူတို့၏သွားသည် ခြင်္သေ့သွားကဲ့သို့ဖြစ်၏။
9 သူတို့၌ သံရင်အုပ်တန်ဆာနှင့်တူသော ရင်အုပ်တန်ဆာရှိ၍ သူတို့၏တောင်ပံခတ်သံသည် စစ်ပွဲသို့ပြေးသွားသည့် များစွာသောမြင်းရထားတို့၏အသံနှင့်တူ၏။
10 သူတို့တွင် ကင်းမြီးကောက်သကဲ့သို့ ဆူးပါသောအမြီးရှိ၍ ထိုအမြီး၌ လူတို့ကို ငါးလတိုင်တိုင်ဘေးသင့်စေနိုင်သောအစွမ်းရှိ၏။
11 သူတို့၏ဘုရင်ကား အတိုင်းမသိနက်ရှိုင်းရာအရပ်၏စေတမန်ဖြစ်၏။ ထိုသူ၏အမည်မှာ ဟေဗြဲဘာသာစကားအားဖြင့် အဗဒ္ဒုန်ဟူ၍ဖြစ်ပြီး ဂရိဘာသာစကားအားဖြင့် အပေါလျုန်ဟူ၍ဖြစ်၏။
12 ပထမအမင်္ဂလာသည် လွန်သွားလေပြီ။ ဤအရာများ၏နောက်တွင် အမင်္ဂလာနှစ်မျိုးလာဦးမည်။
13 ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ဘုရားသခင်၏ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ဦးချိုလေးချောင်းထံမှ ထွက်လာသောအသံက
14 ထိုတံပိုးခရာရှိသောဆဋ္ဌမကောင်းကင်တမန်အား “ကြီးမားသောယူဖရေးတီးမြစ်နားမှာ ချည်နှောင်ထားသောကောင်းကင်တမန်လေးပါးတို့ကို ဖြေလွှတ်လိုက်လော့”ဟု ဆိုသည်ကို ငါကြားရ၏။
15 ထိုအခါ ထိုနှစ်၊ ထိုလ၊ ထိုနေ့ရက်နှင့် ထိုအချိန်နာရီအတွက် ပြင်ဆင်ထားသောကောင်းကင်တမန်လေးပါးတို့သည် လူသားသုံးပုံတစ်ပုံကိုသတ်ဖြတ်ရန် ဖြေလွှတ်ခြင်းခံရကြ၏။
16 မြင်းစီးသူရဲတို့၏အရေအတွက်မှာ သန်းပေါင်းနှစ်ရာဖြစ်၏။ သူတို့၏အရေအတွက်ကို ငါကြားရ၏။
17 ဗျာဒိတ်ရူပါရုံ၌ ငါမြင်ရသော မြင်းများနှင့်မြင်းစီးသူရဲတို့မှာ ဤသို့ဖြစ်၏။ မြင်းစီးသူရဲတို့၌ မီးလျှံရောင်၊ နက်ပြာရောင်နှင့် ကန့်ကဲ့သို့ဝါသော ရင်အုပ်တန်ဆာများရှိကြ၏။ မြင်းတို့၏ဦးခေါင်းသည် ခြင်္သေ့၏ဦးခေါင်းနှင့်တူ၍ သူတို့၏ခံတွင်းထဲမှ မီးလျှံ၊ မီးခိုးနှင့် ကန့်များထွက်နေကြ၏။
18 သူတို့၏ခံတွင်းထဲမှထွက်သည့် မီးလျှံ၊ မီးခိုးနှင့် ကန့်တည်းဟူသော ဤဘေးဒဏ်သုံးပါးတို့ကြောင့် လူသားသုံးပုံတစ်ပုံသေကြ၏။
19 မြင်းတို့၏အစွမ်းသည် သူတို့၏ခံတွင်းနှင့်အမြီးတို့၌ရှိ၏။ သူတို့၏အမြီးသည် မြွေနှင့်တူပြီး ဦးခေါင်းရှိ၍ ထိုဦးခေါင်းအားဖြင့် လူတို့အားဘေးသင့်စေ၏။
20 ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။
21 မိမိတို့ပြုခဲ့သော လူသတ်ခြင်း၊ ပြုစားခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ခိုးယူခြင်းတို့အတွက်လည်း နောင်တမရဘဲနေကြ၏။