ဗျာ​ဒိတ်​ကျမ်း 10 MSB

ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​နှင့် စာ​လိပ်​ငယ်​တစ်​ခု

1 ထို့​နောက် ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မိုး​တိမ်​ကို​ခြုံ​လျက် ကောင်း​ကင်​မှ​ဆင်း​လာ​သည်​ကို ငါ​မြင်​ရ​၏။ သူ​၏​ဦး​ခေါင်း​ပေါ်​တွင် သက်​တံ​ရှိ​၍ သူ​၏​မျက်​နှာ​သည် နေ​ကဲ့​သို့​ဖြစ်​ပြီး သူ​၏​ခြေ​သည် မီး​လျှံ​တိုင်​ကဲ့​သို့​ဖြစ်​၏။

2 သူ​၏​လက်​၌ ဖွင့်​ထား​သော​စာ​လိပ်​ငယ်​တစ်​ခု​ရှိ​၏။ သူ​သည် မိ​မိ​၏​ယာ​ဘက်​ခြေ​ထောက်​ကို ပင်​လယ်​ပေါ်​တွင်​လည်း​ကောင်း၊ ဝဲ​ဘက်​ခြေ​ထောက်​ကို ကုန်း​မြေ​ပေါ်​တွင်​လည်း​ကောင်း ချ​ထား​ကာ

3 ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ကျယ်​လောင်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​လေ​၏။ ထို​သို့​ကြွေး​ကြော်​သော​အ​ခါ မိုး​ချုန်း​သံ​ခု​နစ်​ချက်​တို့​သည် မိ​မိ​တို့​အ​သံ​များ​ဖြင့်​မြွက်​ဆို​ကြ​၏။

4 မိုး​ချုန်း​သံ​ခု​နစ်​ချက်​တို့​မြွက်​ဆို​ကြ​သော​အ​ခါ ငါ​သည်​ရေး​မှတ်​မည်​ပြု​စဉ် ကောင်း​ကင်​မှ​အ​သံ​က “မိုး​ချုန်း​သံ​ခု​နစ်​ချက်​တို့​မြွက်​ဆို​သော​အ​ရာ​များ​ကို တံ​ဆိပ်​ခတ်​ထား​လော့။ ၎င်း​တို့​ကို​ရေး​မှတ်​မ​ထား​နှင့်”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

5 ထို​အ​ခါ ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ်​တွင်​ရပ်​နေ​သည်​ကို ငါ​မြင်​ရ​သော​ကောင်း​ကင်​တ​မန်​က မိ​မိ​၏​လက်​ယာ​လက်​ကို ကောင်း​ကင်​သို့​မြှောက်​လျက်

6 ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​ပြီး ကောင်း​ကင်​နှင့် ကောင်း​ကင်​၌​ရှိ​သော​အ​ရာ​များ​ကို​လည်း​ကောင်း၊ မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​၌​ရှိ​သော​အ​ရာ​များ​ကို​လည်း​ကောင်း၊ ပင်​လယ်​နှင့် ပင်​လယ်​၌​ရှိ​သော​အ​ရာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို တိုင်​တည်​၍ “အ​ချိန်​ကာ​လ​ကြာ​ညောင်း​တော့​မည်​မ​ဟုတ်။

7 သတ္တ​မ​ကောင်း​ကင်​တ​မန်​မှုတ်​ရ​မည့် တံ​ပိုး​ခ​ရာ​မှုတ်​သံ​မြည်​သော​နေ့​ရက်​ကာ​လ​၌ ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​သည် မိ​မိ​အ​စေ​အ​ပါး​ပ​ရော​ဖက်​တို့​အား ပြော​ကြား​ခဲ့​သည့်​အ​တိုင်း ပြည့်​စုံ​ခြင်း​သို့​ရောက်​လိမ့်​မည်”​ဟု ဆို​၏။

8 ထို့​နောက် ငါ​ကြား​ခဲ့​ရ​သော​ကောင်း​ကင်​မှ​အ​သံ​က “ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ်​တွင်​ရပ်​နေ​သော ကောင်း​ကင်​တ​မန်​၏​လက်​၌​ရှိ​သည့် ဖွင့်​ထား​သော​စာ​လိပ်​ကို သွား​၍​ယူ​လော့”​ဟု ငါ့​အား တစ်​ဖန် မြွက်​ဆို​လေ​၏။

9 ထို့​ကြောင့် ငါ​သည် ထို​ကောင်း​ကင်​တ​မန်​ထံ​သို့​သွား​၍ စာ​လိပ်​ငယ်​ကို ငါ့​အား​ပေး​ရန် တောင်း​ခံ​သော​အ​ခါ သူ​က “စာ​လိပ်​ကို​ယူ​၍ စား​လိုက်​လော့။ ၎င်း​သည် သင်​၏​ဝမ်း​ထဲ​၌​ခါး​သော်​လည်း သင်​၏​ခံ​တွင်း​၌ ပျား​ရည်​ကဲ့​သို့​ချို​လိမ့်​မည်”​ဟု ငါ့​အား​မြွက်​ဆို​၏။

10 ငါ​သည်​လည်း ကောင်း​ကင်​တ​မန်​၏​လက်​မှ စာ​လိပ်​ငယ်​ကို​ယူ​၍ စား​လိုက်​ရာ ၎င်း​သည် ငါ​၏​ခံ​တွင်း​၌ ပျား​ရည်​ကဲ့​သို့​ချို​သော်​လည်း စား​ပြီး​နောက် ငါ​၏​ဝမ်း​ထဲ​၌​ခါး​လေ​၏။

11 ထို​အ​ခါ “သင်​သည် များ​စွာ​သော​လူ​မျိုး၊ တိုင်း​နိုင်​ငံ၊ ဘာ​သာ​စ​ကား၊ ရှင်​ဘု​ရင်​များ​နှင့်​ပတ်​သက်​၍ ထပ်​မံ ပ​ရော​ဖက်​ပြု​ဟော​ပြော​ရ​မည်”​ဟူ​သော​အ​မိန့်​ကို ငါ​ခံ​ရ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22