1 ထို့နောက် ကောင်းကင်၌ ကြီးမား၍အံ့သြဖွယ်ကောင်းသည့် အခြားနိမိတ်လက္ခဏာတည်းဟူသော နောက်ဆုံးဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်ရ၏။ ထိုဘေးဒဏ်များအားဖြင့် ဘုရားသခင်၏ပြင်းစွာသောဒေါသသည် ပြည့်စုံခြင်းသို့ရောက်မည်ဖြစ်၏။
2 တစ်ဖန် မီးနှင့်ရောထားသည့် ဖန်ပင်လယ်ကဲ့သို့သောအရာကိုလည်းကောင်း၊ သားရဲ၊ သူ၏ရုပ်တုနှင့် သူ့အမည်၏ကိန်းဂဏန်းတို့အပေါ် အနိုင်ရသောသူတို့သည် ဘုရားသခင်၏စောင်းများကိုကိုင်ဆောင်လျက် ထိုဖန်ပင်လယ်ပေါ်တွင်ရပ်နေကြသည်ကိုလည်းကောင်း ငါမြင်ရ၏။
3 သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကို သီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။
4 အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။
5 ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ရှိသောသက်သေခံချက်တဲတော်တည်ရာဗိမာန်တော်သည် ဖွင့်ထားလျက်ရှိ၍
6 ဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးတို့သည် ထိုဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူတို့သည် စင်ကြယ်တောက်ပသောပိတ်ချောကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထား၏။
7 ထိုအခါ သတ္တဝါလေးပါးထဲမှတစ်ပါးသည် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော ဘုရားသခင်၏ပြင်းစွာသောဒေါသဖြင့်ပြည့်နေသည့် ရွှေဖလားခုနစ်လုံးကို ထိုကောင်းကင်တမန်ခုနစ်ပါးတို့အား ပေးလေ၏။
8 ဗိမာန်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်တန်ခိုးတော်တို့မှထွက်ပေါ်သော အခိုးအငွေ့များနှင့်ပြည့်သဖြင့် ကောင်းကင်တမန်ခုနစ်ပါးတို့၏ဘေးဒဏ်ခုနစ်မျိုးမပြီးမချင်း မည်သူမျှ ဗိမာန်တော်ထဲသို့မဝင်နိုင်ချေ။