1 ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် အတိုင်းမသိနက်ရှိုင်းရာအရပ်၏သော့နှင့် ကြီးမားသောသံကြိုးတို့ကို မိမိလက်၌ကိုင်ထားလျက် ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။
2 သူသည် မာရ်နတ်စာတန်ဖြစ်သည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကိုဖမ်းလျက် အနှစ်တစ်ထောင်ချည်နှောင်ထား၍
3 အနှစ်တစ်ထောင်ကုန်ဆုံးသည်အထိ လူများတို့ကို နောက်ထပ်မလှည့်ဖြားနိုင်ရန် သူ့ကို အတိုင်းမသိနက်ရှိုင်းရာထဲသို့ပစ်ချလျက် ပိတ်လှောင်ကာ အပေါ်မှတံဆိပ်ခတ်ထားလေ၏။ ထိုအချိန်ကာလများပြီးမှ သူ့ကို ခေတ္တခဏလွှတ်ပေးရမည်ဖြစ်၏။
4 ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။
5 အခြားသောသေလွန်သူတို့သည် အနှစ်တစ်ထောင်ကုန်ဆုံးသည်အထိ အသက်ပြန်မရှင်ကြပေ။ ဤသည်ကား ပထမရှင်ပြန်ထမြောက်ခြင်းဖြစ်၏။
6 ပထမရှင်ပြန်ထမြောက်ခြင်း၌ပါသောသူသည် မင်္ဂလာရှိသူ၊ သန့်ရှင်းသူဖြစ်၏။ ဒုတိယသေခြင်းသည် သူတို့အပေါ်မည်သည့်အခွင့်အာဏာမျှမရှိ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရောဟိတ်များဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်စိုးစံကြလိမ့်မည်။
7 ထိုအနှစ်တစ်ထောင်ကုန်ဆုံးသောအခါ စာတန်သည် သူချုပ်နှောင်ခံရရာအကျဉ်းထောင်မှ လွှတ်ပေးခြင်းခံရ၍
8 ကမ္ဘာမြေကြီးလေးမျက်နှာရှိ လူမျိုးများဖြစ်ကြသည့် ဂေါဂ၊ မာဂေါဂကိုလှည့်ဖြားရန်နှင့် စစ်ပွဲအတွက် သူတို့ကိုစုဝေးစေရန် ထွက်သွားလိမ့်မည်။ သူတို့၏အရေအတွက်သည် သမုဒ္ဒရာသဲပွင့်များနှင့်အမျှရှိကြ၏။
9 သူတို့သည် ကမ္ဘာမြေကြီး၏ကျယ်ပြန့်သောအရပ်သို့ချီတက်လာ၍ သန့်ရှင်းသူတို့၏စခန်းနှင့် ချစ်တော်မူသောမြို့ကို ဝိုင်းကြ၏။ ထိုအခါ ကောင်းကင်မှ မီးကျလာ၍ သူတို့ကိုလောင်ကျွမ်းလေ၏။
10 သူတို့ကိုလှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့်ပရောဖက်အတုအယောင်တို့ရှိရာ ကန့်နှင့်ရောသောမီးအိုင်ထဲသို့ ပစ်ချခြင်းခံရ၏။ သူတို့သည် ထိုနေရာ၌ နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။
11 ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။
12 တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။
13 ပင်လယ်သည် မိမိ၌ရှိသည့်လူသေတို့ကို ပေးအပ်လေ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့သည်လည်း မိမိ၌ရှိသည့်လူသေတို့ကို ပေးအပ်ကြ၏။ ထိုအခါ လူအသီးသီးတို့သည် မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။
14 ထို့နောက် သေခြင်းနှင့်မရဏာနိုင်ငံတို့သည် မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။ ဤမီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏။
15 အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့သည်လည်း မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။