ဗျာ​ဒိတ်​ကျမ်း 11 MSB

သက်​သေ​ခံ​နှစ်​ဦး

1 ထို့​နောက် တောင်​ဝှေး​နှင့်​တူ​သော တိုင်း​တာ​စ​ရာ​ကျူ​ရိုး​တစ်​ချောင်း​ကို ငါ့​အား​ပေး​ပြီး​လျှင် “ထ​၍ ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​နှင့် ယဇ်​ပလ္လင်​တို့​ကို​တိုင်း​တာ​ပြီး ထို​နေ​ရာ​၌ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော​သူ​တို့​ကို ရေ​တွက်​လော့။

2 သို့​သော် ဗိ​မာန်​တော်​၏​အ​ပြင်​ဘက်​၌​ရှိ​သည့်​တံ​တိုင်း​သည် လူ​မျိုး​ခြား​တို့​အား​ပေး​ထား​သည်​ဖြစ်​၍ ၎င်း​ကို​မ​တိုင်း​ဘဲ​ချန်​ထား​လော့။ ထို​သူ​တို့​သည် သန့်​ရှင်း​သော​မြို့​တော်​ကို လေး​ဆယ့်​နှစ်​လ​တိုင်​တိုင် နင်း​ခြေ​ကြ​လိမ့်​မည်။

3 ထို​အ​ခါ ငါ​သည် ငါ​၏​သက်​သေ​နှစ်​ပါး​တို့​အား အ​ခွင့်​ပေး​သ​ဖြင့် သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​လျက် ရက်​ပေါင်း​တစ်​ထောင့်​နှစ်​ရာ​ခြောက်​ဆယ်​တိုင်​တိုင် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​လိမ့်​မည်”​ဟု ဆို​၏။

4 ဤ​သူ​တို့​သည် ကမ္ဘာ​မြေ​ကြီး​၏​အ​ရှင်​သ​ခင်​ရှေ့​တော်​၌​ရှိ​သော သံ​လွင်​ပင်​နှစ်​ပင်​နှင့် ဆီ​မီး​ခုံ​နှစ်​ခု​ဖြစ်​ကြ​၏။

5 တစ်​စုံ​တစ်​ယောက်​သည် သူ​တို့​ကို​အန္တ​ရာယ်​ပြု​လို​ပါ​က သူ​တို့​၏​ခံ​တွင်း​ထဲ​မှ မီး​ထွက်​လာ​၍ သူ​တို့​၏​ရန်​သူ​များ​ကို လောင်​ကျွမ်း​စေ​မည်​ဖြစ်​၏။ တစ်​စုံ​တစ်​ယောက်​သည် သူ​တို့​ကို​အန္တ​ရာယ်​ပြု​လို​ပါ​က ထို​သူ​သည် ထို​နည်း​အ​တိုင်း​အ​သေ​သတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​၏။

6 သူ​တို့​ပ​ရော​ဖက်​ပြု​ဟော​ပြော​သည့်​နေ့​ရက်​များ​အ​တွင်း မိုး​မ​ရွာ​စေ​ရန် ကောင်း​ကင်​ကို ပိတ်​ထား​နိုင်​သည့်​အ​ခွင့်​ရှိ​ပြီး ရေ​ကို​သွေး​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​နိုင်​သော​အ​ခွင့်​မှ​စ​၍ သူ​တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း ကမ္ဘာ​မြေ​ကြီး​ကို ဘေး​ဒဏ်​အ​မျိုး​မျိုး​ဖြင့် ဒဏ်​ခတ်​နိုင်​သော​အ​ခွင့်​များ​ရှိ​ကြ​၏။

7 သူ​တို့​သက်​သေ​ခံ​ပြီး​သော​အ​ခါ အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​ထဲ​မှ တက်​လာ​သော​သား​ရဲ​သည် သူ​တို့​နှင့်​စစ်​တိုက်​၍ အောင်​မြင်​ပြီး သူ​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။

8 သူ​တို့​၏​အ​လောင်း​များ​သည် ဝိ​ညာဉ်​သ​ဘော​အ​ရ သော​ဒုံ​နှင့်​အီ​ဂျစ်​ဟု​ခေါ်​သော မြို့​ကြီး​၏​လမ်း​မ​ပေါ်​တွင် ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​သ​ခင်​သည်​လည်း ထို​မြို့​တွင် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ခဲ့​ရ​၏။

9 ထို​အ​ခါ လူ​မျိုး၊ မျိုး​နွယ်​စု၊ ဘာ​သာ​စ​ကား​နှင့် တိုင်း​နိုင်​ငံ​အ​သီး​သီး​တို့​မှ လူ​တို့​သည် သူ​တို့​၏​အ​လောင်း​များ​ကို သုံး​ရက်​ခွဲ​တိုင်​တိုင်​ကြည့်​ရှု​ကြ​ပြီး ထို​အ​လောင်း​များ​ကို သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ခွင့်​မ​ပေး​ဘဲ​နေ​ကြ​လိမ့်​မည်။

10 ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​သည် ထို​သူ​တို့​၏​အ​ဖြစ်​ကြောင့် ဝမ်း​မြောက်​လျက်​ပျော်​ရွှင်​ကြ​ကာ တစ်​ဦး​ကို​တစ်​ဦး လက်​ဆောင်​များ​ပေး​ပို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​ပ​ရော​ဖက်​နှစ်​ဦး​တို့​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​ကို ညှဉ်း​ဆဲ​ခဲ့​ကြ​၏။

11 သို့​သော် သုံး​ရက်​ခွဲ​လွန်​ပြီး​သော​အ​ခါ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဇီ​ဝ​အ​သက်​သည် ထို​သူ​တို့​အ​ထဲ​သို့​ဝင်​၍ သူ​တို့​သည် မိ​မိ​တို့​ခြေ​ဖြင့်​မတ်​တပ်​ရပ်​ကြ​၏။ ထို​သူ​တို့​ကို​မြင်​သော​သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ကြ​၏။

12 ထို​အ​ခါ ကောင်း​ကင်​မှ​ကြီး​သော​အ​သံ​က “ဤ​အ​ရပ်​သို့​တက်​လာ​ခဲ့​ကြ​လော့”​ဟု ထို​သူ​နှစ်​ဦး​တို့​အား​ဆို​သည်​ကို ကြား​လျှင် သူ​တို့​သည် မိုး​တိမ်​ဖြင့် ကောင်း​ကင်​သို့​တက်​သွား​ကြ​၏။ သူ​တို့​၏​ရန်​သူ​များ​သည်​လည်း သူ​တို့​ကို​ကြည့်​နေ​ကြ​၏။

13 ထို​အ​ချိန်​နာ​ရီ​၌​ပင် ပြင်း​ထန်​သော​င​လျင်​လှုပ်​၍ မြို့​၏​ဆယ်​ပုံ​တစ်​ပုံ​သည် ပြို​လဲ​သွား​၏။ ထို​င​လျင်​ကြောင့် လူ​ပေါင်း​ခု​နစ်​ထောင်​သေ​ကြ​၏။ ကြွင်း​ကျန်​သော​သူ​တို့​သည် ကြောက်​လန့်​ကြ​လျက် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ချီး​မွမ်း​ကြ​၏။

14 ဒု​တိ​ယ​အမင်္ဂ​လာ​သည် လွန်​သွား​လေ​ပြီ။ တ​တိ​ယ​အမင်္ဂ​လာ​သည် အ​လျင်​အ​မြန်​ရောက်​လာ​လိမ့်​မည်။

သတ္တ​မ​တံ​ပိုး​ခ​ရာ

15 သတ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​၌ ကျယ်​လောင်​သော​အ​သံ​ဖြစ်​ပေါ်​လျက် “ကမ္ဘာ့​နိုင်​ငံ​သည် ငါ​တို့​၏​ထာ​ဝ​ရ​အ​ရှင်​နှင့် ကိုယ်​တော်​၏​ခ​ရစ်​တော်​ပိုင်​ဆိုင်​တော်​မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်​တော်​သည်​လည်း ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်”​ဟု ဆို​၏။

16 ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ မိ​မိ​တို့​ပလ္လင်​ပေါ်​တွင် ထိုင်​နေ​ကြ​သော​သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ်​လေး​ပါး​တို့​သည် ဘု​ရား​သ​ခင်​ကို​ပျပ်​ဝပ်​ရှိ​ခိုး​လျက်

17 “အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​၍ ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​သည့် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​တော်​ကို​ယူ​ဆောင်​လျက် စိုး​စံ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ကျေး​ဇူး​တင်​ပါ​၏။

18 လူ​မျိုး​တို့​သည် အ​မျက်​ထွက်​ကြ​ပါ​၏။ သို့​သော် ကိုယ်​တော်​၏​အ​မျက်​တော်​သည် သက်​ရောက်​လာ​ပါ​၏။ သေ​လွန်​သော​သူ​တို့​ကို တ​ရား​စီ​ရင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​စေ​အ​ပါး​များ၊ ပ​ရော​ဖက်​များ၊ သန့်​ရှင်း​သူ​များ​နှင့် ကိုယ်​တော်​၏​နာ​မ​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​အ​ကြီး​အ​ငယ်​တို့​အား ဆု​လာဘ်​ပေး​တော်​မူ​ရန်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ကို​ဖျက်​ဆီး​သော​သူ​တို့​ကို ဖျက်​ဆီး​ရန်​လည်း​ကောင်း အ​ချိန်​ရောက်​လာ​ပါ​၏”​ဟု လျှောက်​ကြ​၏။

19 ထို့​နောက် ကောင်း​ကင်​၌​ရှိ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည်​ပွင့်​၍ ထို​ဗိ​မာန်​တော်​ထဲ​တွင် ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တွေ့​မြင်​ရ​၏။ လျှပ်​စီး​လက်​ခြင်း၊ အ​သံ​မြည်​ဟည်း​ခြင်း၊ မိုး​ချုန်း​ခြင်း၊ င​လျင်​လှုပ်​ခြင်း​နှင့် ကြီး​မား​သော​မိုး​သီး​ကျ​ခြင်း​တို့​လည်း ဖြစ်​ပေါ်​လေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22