ဗျာ​ဒိတ်​ကျမ်း 2 MSB

1 ဧ​ဖက်​မြို့​၌​ရှိ​သော အ​သင်း​တော်​၏​စေ​တ​မန်​အား ဤ​သို့​ရေး​လိုက်​လော့။ မိ​မိ​လက်​ယာ​လက်​တွင် ကြယ်​ခု​နစ်​လုံး​ကို​ကိုင်​ထား​သော​သူ၊ ရွှေ​ဆီ​မီး​ခုံ​ခု​နစ်​ခု​အ​လယ်​၌ သွား​လာ​သော​သူ​က ဤ​သို့​မိန့်​တော်​မူ​၏။

2 သင်​၏​လုပ်​ဆောင်​မှု​များ​မှ​စ​၍ သင်​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​နှင့် သည်း​ခံ​မှု​တို့​ကို ငါ​သိ​၏။ သင်​သည် ဆိုး​ယုတ်​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​နှင့် မိ​မိ​တို့​ကိုယ်​ကို တ​မန်​တော်​ဟု​ခေါ်​ဆို​ကြ​သော်​လည်း တ​မန်​တော်​မ​ဟုတ်​သော​သူ​တို့​ကို စမ်း​သပ်​စစ်​ဆေး​၍ သူ​တို့​သည် လိမ်​လည်​သော​သူ​များ​ဖြစ်​ကြ​သည်​ဟု သင်​တွေ့​ရှိ​ကြောင်း​ကို​လည်း ငါ​သိ​၏။

3 သင်​သည် သည်း​ခံ​ခြင်း​ရှိ​လျက် ငါ​၏​နာ​မ​အ​တွက် အ​ပင်​ပန်း​ခံ​၍ အား​လျော့​ခြင်း​မ​ရှိ​ခဲ့​ချေ။

4 သို့​သော် သင့်​အား ငါ​အ​ပြစ်​ဆို​စ​ရာ​ရှိ​၏။ အ​ကြောင်း​မှာ သင်​သည် မိ​မိ​၏​က​န​ဦး​မေတ္တာ​ကို​စွန့်​ခွာ​ခဲ့​ပြီ။

5 ထို့​ကြောင့် သင်​သည် မည်​သည့်​နေ​ရာ​မှ​ကျ​ဆင်း​ခဲ့​သည်​ကို သ​တိ​ရ​လျက် နောင်​တ​ရ​ကာ ပ​ထ​မ​ပြု​သော​အ​မှု​များ​ကို​ပြု​လော့။ ထို​သို့​မ​ပြု​ဘဲ နောင်​တ​လည်း​မ​ရ​ပါ​က သင့်​ထံ​သို့​ငါ​လာ​၍ သင်​၏​ဆီ​မီး​ခုံ​ကို သူ့​နေ​ရာ​မှ​ရွှေ့​လိုက်​မည်။

6 သို့​ရာ​တွင် ဤ​တစ်​ချက်​ကား သင်​၌​ရှိ​၏။ ငါ​မုန်း​သော နိ​ကော​လ​ဂိုဏ်း​ဝင်​များ​၏​လုပ်​ဆောင်​မှု​တို့​ကို သင်​လည်း​မုန်း​၏။

7 ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အား ဘု​ရား​သ​ခင်​၏​ပ​ရ​ဒိ​သု​ဘုံ​၌​ရှိ​သော အ​သက်​ပင်​၏​အ​သီး​ကို ငါ​စား​ခွင့်​ပေး​မည်။

8 စ​မု​ရ​န​မြို့​၌​ရှိ​သော အ​သင်း​တော်​၏​စေ​တ​မန်​အား ဤ​သို့​ရေး​လိုက်​လော့။ အ​ဦး​ဆုံး​နှင့်​နောက်​ဆုံး​ဖြစ်​သူ၊ သေ​ခဲ့​သော်​လည်း ပြန်​၍​အ​သက်​ရှင်​သော​သူ​က ဤ​သို့​မိန့်​တော်​မူ​၏။

9 သင်​၏​ဒုက္ခ​ဝေ​ဒ​နာ​နှင့်​ဆင်း​ရဲ​ခြင်း​တို့​ကို ငါ​သိ​၏။ အ​မှန်​မှာ သင်​သည် ချမ်း​သာ​၏။ မိ​မိ​တို့​ကိုယ်​ကို ဂျူး​လူ​မျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်​လည်း ဂျူး​လူ​မျိုး​မ​ဟုတ်​ဘဲ စာ​တန်​၏​အ​သင်း​ဝင်​များ​ဖြစ်​ကြ​သော​သူ​တို့​ထံ​မှ သင်​ခံ​ရ​သော​စော်​ကား​ပြော​ဆို​ခြင်း​ကို​လည်း ငါ​သိ​၏။

10 သင်​ခံ​စား​ရ​တော့​မည့် ဒုက္ခ​ဝေ​ဒ​နာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်​ရှု​လော့။ သင်​သည် စမ်း​သပ်​စစ်​ဆေး​ခြင်း​ကို​ခံ​ရ​မည့်​အ​ကြောင်း မာရ်​နတ်​သည် သင်​တို့​အ​ထဲ​မှ အ​ချို့​တို့​ကို ထောင်​ထဲ​၌​ထည့်​ထား​တော့​မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်​လုံး ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​ကြ​လိမ့်​မည်။ အ​သေ​ခံ​ရ​သည့်​တိုင်​အောင် သစ္စာ​စောင့်​လော့။ သို့​ပြု​လျှင် အ​သက်​သ​ရ​ဖူ​ကို သင့်​အား ငါ​ပေး​မည်။

11 ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အ​ပေါ် ဒု​တိ​ယ​သေ​ခြင်း​နှင့်​ဆိုင်​သော ဘေး​အန္တ​ရာယ်​သည် မည်​သည့်​အ​ခါ​မျှ သင့်​ရောက်​လိမ့်​မည်​မ​ဟုတ်။

12 ပေ​ရ​ဂံ​မြို့​၌​ရှိ​သော အ​သင်း​တော်​၏​စေ​တ​မန်​အား ဤ​သို့​ရေး​လိုက်​လော့။ အ​သွား​နှစ်​ဖက်​ပါ​သည့် ထက်​သော​သန်​လျက်​ရှိ​သော​သူ​က ဤ​သို့​မိန့်​တော်​မူ​၏။

13 သင်​သည် မည်​သည့်​အ​ရပ်​၌​နေ​ထိုင်​သည်​ကို ငါ​သိ​၏။ ထို​အ​ရပ်​၌ စာ​တန်​၏​ပလ္လင်​ရှိ​၏။ ငါ​၌​သစ္စာ​ရှိ​သော ငါ​၏​သက်​သေ​အန္တိ​ပ​သည် စာ​တန်​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​သော​သင်​တို့​ထံ​၌ အ​သတ်​ခံ​ရ​သည့်​အ​ချိန်​၌​ပင် သင်​သည် ငါ​၏​နာ​မ​ကို​စွဲ​ကိုင်​လျက် ငါ့​အ​ပေါ်​ထား​သော​ယုံ​ကြည်​ခြင်း​ကို မ​စွန့်​ပယ်​ခဲ့​ချေ။

14 သို့​သော် သင့်​အား ငါ​အ​ပြစ်​ဆို​စ​ရာ​အ​နည်း​ငယ်​ရှိ​၏။ အ​ကြောင်း​မူ​ကား သင့်​ထံ​၌ ဗာ​လမ်​၏​အ​ယူ​ဝါ​ဒ​ကို ခံ​ယူ​ကျင့်​သုံး​သော​သူ​များ​ရှိ​၏။ အစ္စ​ရေး​အ​မျိုး​သား​တို့​သည် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​များ​ကို​စား​ကြ​ရန်​လည်း​ကောင်း၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ကြ​ရန်​လည်း​ကောင်း သူ​တို့​ရှေ့​၌​မှား​ယွင်း​စေ​သော​အ​ရာ​ကို​ချ​ထား​မည့်​အ​ကြောင်း ဗာ​လမ်​သည် ဗာ​လက်​မင်း​အား သင်​ပေး​၏။

15 ထို​နည်း​တူ သင်​တို့​၌ နိ​ကော​လ​ဂိုဏ်း​ဝင်​များ​၏​အ​ယူ​ဝါ​ဒ​ကို ခံ​ယူ​ကျင့်​သုံး​သော​သူ​များ​လည်း​ရှိ​ကြ​၏။

16 ထို့​ကြောင့် နောင်​တ​ရ​လော့။ သို့​မ​ဟုတ်​လျှင် ငါ​သည် သင့်​ထံ​သို့​အ​လျင်​အ​မြန်​လာ​၍ ငါ့​ခံ​တွင်း​မှ​သန်​လျက်​ဖြင့် သူ​တို့​ကို​တိုက်​ခိုက်​မည်။

17 ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်​၌ ၎င်း​ကို​ခံ​ယူ​ရ​ရှိ​သူ​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ​သော နာ​မည်​အ​သစ်​ကို​ရေး​ထား​၏။

18 သွာ​တိ​ရ​မြို့​၌​ရှိ​သော အ​သင်း​တော်​၏​စေ​တ​မန်​အား ဤ​သို့​ရေး​လိုက်​လော့။ မီး​လျှံ​ကဲ့​သို့​သော​မျက်​စိ​နှင့် တောက်​ပ​သော​ကြေး​ဝါ​နှင့်​တူ​သော​ခြေ​ရှိ​သည့် ဘု​ရား​သ​ခင်​၏​သား​တော်​က ဤ​သို့​မိန့်​တော်​မူ​၏။

19 သင်​၏​လုပ်​ဆောင်​မှု​များ​မှ​စ​၍ သင်​၏​ချစ်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ အ​မှု​တော်​ဆောင်​ခြင်း​နှင့် သည်း​ခံ​ခြင်း​တို့​ကို ငါ​သိ​၏။ သင်​၏​နောက်​ပိုင်း​လုပ်​ဆောင်​မှု​များ​သည် က​န​ဦး​လုပ်​ဆောင်​မှု​များ​ထက် သာ​လွန်​ကြောင်း​ကို​လည်း ငါ​သိ​၏။

20 သို့​သော် သင့်​အား ငါ​အ​ပြစ်​ဆို​စ​ရာ​ရှိ​၏။ အ​ကြောင်း​မှာ သင်​သည် မိ​မိ​ကိုယ်​ကို​ပ​ရော​ဖက်​မ​ဟု​ခေါ်​သော ထို​မိန်း​မ​ယေ​ဇ​ဗေ​လ​ကို ပြု​လို​ရာ​ပြု​ခွင့်​ပေး​ထား​သ​ဖြင့် သူ​သည် ငါ​၏​အ​စေ​အ​ပါး​တို့​အား တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ကြ​ရန်​နှင့် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​များ​ကို​စား​ကြ​ရန် သွန်​သင်​လျက် သူ​တို့​ကို​လှည့်​ဖြား​နေ​၏။

21 ငါ​သည် သူ့​အား နောင်​တ​ရ​ရန်​အ​ချိန်​ပေး​ခဲ့​သော်​လည်း သူ​သည် မိ​မိ​၏​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အ​တွက် နောင်​တ​ရ​လို​သော​စိတ်​မ​ရှိ။

22 ကြည့်​ရှု​လော့။ ငါ​သည် သူ့​ကို အိပ်​ရာ​ပေါ်​တွင်​လဲ​စေ​မည်။ သူ​နှင့်​အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကျူး​လွန်​သော​သူ​တို့​ကို​လည်း မိ​မိ​ပြု​သော​အ​မှု​များ​အ​တွက်​နောင်​တ​မ​ရ​ပါ​က ကြီး​စွာ​သော​ဆင်း​ရဲ​ဒုက္ခ​သို့​ရောက်​စေ​မည်။

23 သူ​၏​သား​သ​မီး​တို့​ကို​လည်း သေ​ဘေး​ဖြင့် ငါ​အ​ဆုံး​စီ​ရင်​မည်။ ထို​အ​ခါ ငါ​သည် စိတ်​နှ​လုံး​နှင့် အ​တွင်း​သ​ဘော​ကို စူး​စမ်း​သော​သူ​ဖြစ်​ကြောင်း အ​သင်း​တော်​အား​လုံး​သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​အ​သီး​သီး​ကို​လည်း မိ​မိ​တို့​ပြု​သော​အ​မှု​များ​နှင့်​အ​ညီ အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။

24 သို့​သော် ထို​မိန်း​မ​၏​အ​ယူ​ဝါ​ဒ​ကို​မ​ခံ​ယူ၊ စာ​တန်​၏​နက်​နဲ​သော​အ​ရာ​ဟု သူ​တို့​ခေါ်​ဝေါ်​သော​အ​ရာ​များ​ကို​မ​သိ​သော သွာ​တိ​ရ​မြို့​မှ ကျန်​ရှိ​သူ​အ​ပေါင်း​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အ​ပေါ်​၌ အ​ခြား​သော​ဝန်​ထုပ်​ဝန်​ပိုး​ကို ငါ​မ​တင်။

25 သင်​တို့​၌​ရှိ​သော​အ​ရာ​ကို​သာ ငါ​ကြွ​လာ​သည့်​တိုင်​အောင် စွဲ​ကိုင်​ထား​ကြ​လော့။

26 အောင်​မြင်​သော​သူ​နှင့် ငါ​၏​အ​မှု​ကို အ​ဆုံး​တိုင်​အောင်​စောင့်​ထိန်း​သော​သူ​အား လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ငါ​ပေး​သ​ဖြင့်

27 သူ​သည် မြေ​အိုး​များ​ကို​ကြေ​မွ​စေ​သ​ကဲ့​သို့ သံ​လှံ​တံ​ဖြင့် သူ​တို့​ကို​အုပ်​ထိန်း​လိမ့်​မည်။ ဤ​သည်​ကား ငါ​ကိုယ်​တိုင် ငါ့​ခ​မည်း​တော်​ထံ​မှ​ရ​ရှိ​သော​အုပ်​စိုး​ခွင့်​နှင့်​တူ​၏။

28 ငါ​သည် မိုး​သောက်​ကြယ်​ကို​လည်း ထို​သူ​အား ပေး​မည်။

29 ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22