ဗျာ​ဒိတ်​ကျမ်း 13 MSB

ပင်​လယ်​ထဲ​မှ​တက်​လာ​သော​သား​ရဲ

1 ထို့​နောက် ဦး​ချို​ဆယ်​ချောင်း​နှင့် ခေါင်း​ခု​နစ်​လုံး​ရှိ​သော​သား​ရဲ​တစ်​ကောင်​သည် ပင်​လယ်​ထဲ​မှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ဦး​ချို​များ​ပေါ်​တွင် သ​ရ​ဖူ​ဆယ်​ခု​ရှိ​၍ ၎င်း​၏​ခေါင်း​များ​ပေါ်​တွင် ဘု​ရား​သ​ခင်​ကို​စော်​ကား​သော​အ​မည်​နာ​မ​များ​ရှိ​၏။

2 ငါ​မြင်​ရ​သော​ထို​သား​ရဲ​သည် ကျား​သစ်​နှင့်​တူ​၏။ သူ​၏​ခြေ​သည် ဝက်​ဝံ​ခြေ​ကဲ့​သို့​ဖြစ်​ပြီး သူ​၏​ပါး​စပ်​သည် ခြင်္သေ့​ပါး​စပ်​ကဲ့​သို့​ဖြစ်​၏။ န​ဂါး​သည် မိ​မိ​၏​တန်​ခိုး၊ မိ​မိ​၏​ပလ္လင်​နှင့် ကြီး​မား​သော​အ​ခွင့်​အာ​ဏာ​ကို သူ့​အား​ပေး​အပ်​လေ​၏။

3 ထို​သား​ရဲ​၏​ခေါင်း​တစ်​လုံး​သည် သေ​အောင်​သတ်​ဖြတ်​ခြင်း​ခံ​ရ​ပြီး​သ​ကဲ့​သို့​ဖြစ်​သော်​လည်း ထို​သေ​စေ​သော​ဒဏ်​ရာ​သည် ပျောက်​ကင်း​သွား​လေ​၏။ ထို​အ​ခါ တစ်​ကမ္ဘာ​လုံး​သည်​အံ့​ဩ​လျက် ထို​သား​ရဲ​နောက်​သို့​လိုက်​ကြ​၏။

4 ထို့​ပြင် န​ဂါး​သည် သား​ရဲ​အား အ​ခွင့်​အာ​ဏာ​ကို​ပေး​အပ်​သ​ဖြင့် သူ​တို့​သည် န​ဂါး​ကို​ကိုး​ကွယ်​ကြ​၏။ သူ​တို့​က “မည်​သူ​သည် သား​ရဲ​နှင့်​တူ​သ​နည်း။ မည်​သူ​သည် သူ့​ကို တိုက်​ခိုက်​နိုင်​သ​နည်း”​ဟု ဆို​လျက် သား​ရဲ​ကို​လည်း​ကိုး​ကွယ်​ကြ​၏။

5 ထို​သား​ရဲ​သည် လေ​လုံး​ထွား​၍ ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​တတ်​သော​နှုတ်​ကို​ရ​ရှိ​လျက် လေး​ဆယ့်​နှစ်​လ​တိုင်​တိုင် အာ​ဏာ​လွှမ်း​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​၏။

6 ထို​အ​ခါ သူ​သည် မိ​မိ​နှုတ်​ကို​ဖွင့်​၍ ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​သော​စ​ကား​များ​ကို​ပြော​ဆို​လျက် ကိုယ်​တော်​၏​နာ​မ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​တဲ​တော်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​၌​စံ​မြန်း​သော​သူ​တို့​ကို​လည်း​ကောင်း စော်​ကား​ပြော​ဆို​လေ​၏။

7 သူ​သည် သန့်​ရှင်း​သူ​တို့​ကို​စစ်​တိုက်​၍ အောင်​နိုင်​သော​အ​ခွင့်​ကို​ရ​ရှိ​ပြီး မျိုး​နွယ်​စု၊ လူ​မျိုး၊ ဘာ​သာ​စ​ကား​နှင့် တိုင်း​နိုင်​ငံ​အ​သီး​သီး​တို့​မှ​လူ​တို​အား အုပ်​စိုး​ရ​သော​အ​ခွင့်​ကို​လည်း​ရ​ရှိ​၏။

8 အ​သေ​သတ်​ခြင်း​ခံ​ရ​သည့် သိုး​သ​ငယ်​တော်​၏​အ​သက်​စာ​စောင်​၌ ကမ္ဘာ​ဦး​မှ​စ​၍ အ​မည်​မ​ရေး​ထား​သော ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင်​သူ​အား​လုံး​တို့​သည် ထို​သား​ရဲ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။

9 နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

10 ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​မည့်​သူ​သည် ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​မည်​ဖြစ်​၏။ ဓား​ဖြင့်​အ​သေ​သတ်​ခြင်း​ခံ​ရ​မည့်​သူ​သည် ဓား​ဖြင့်​အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဖြစ်​၏။ ဤ​နေ​ရာ​တွင် သန့်​ရှင်း​သူ​တို့​၏​သည်း​ခံ​ခြင်း​နှင့်​သစ္စာ​စောင့်​ခြင်း​တို့​ရှိ​ကြ​၏။

မြေ​ကြီး​ထဲ​မှ​ထွက်​လာ​သော​သား​ရဲ

11 ထို့​နောက် မြေ​ကြီး​ထဲ​မှ​ထွက်​လာ​သော အ​ခြား​သား​ရဲ​တစ်​ကောင်​ကို ငါ​မြင်​ရ​၏။ သူ​သည် သိုး​သ​ငယ်​၏​ဦး​ချို​နှင့်​တူ​သော ဦး​ချို​နှစ်​ချောင်း​ရှိ​၍ န​ဂါး​ကဲ့​သို့​စ​ကား​ပြော​၏။

12 ထို​သား​ရဲ​သည် ပ​ထ​မ​သား​ရဲ​၏​အာ​ဏာ​ရှိ​သ​မျှ​ကို သူ​၏​ရှေ့​မှောက်​၌​သုံး​စွဲ​ပြီး ကမ္ဘာ​မြေ​ကြီး​မှ​စ​၍ ၎င်း​ပေါ်​တွင်​နေ​ထိုင်​သော​သူ​တို့​အား သေ​စေ​သော​ဒဏ်​ရာ​ပျောက်​ကင်း​သွား​သည့် ပ​ထ​မ​သား​ရဲ​ကို ကိုး​ကွယ်​စေ​၏။

13 ထို​မှ​တစ်​ပါး ကြီး​မား​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​လျက် လူ​တို့​ရှေ့​တွင် ကောင်း​ကင်​မှ မြေ​ကြီး​ပေါ်​သို့ မီး​ကို​ပင် ကျ​လာ​စေ​၏။

14 သူ​သည် ပ​ထ​မ​သား​ရဲ​ရှေ့​၌ ပြု​ခွင့်​ရ​ရှိ​ထား​သော​နိ​မိတ်​လက္ခ​ဏာ​များ​အား​ဖြင့် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင်​သော​သူ​အား​လုံး​တို့​ကို​လှည့်​ဖြား​၍ ဓား​ဒဏ်​ရာ​ရှိ​သော်​လည်း အ​သက်​ရှင်​ခဲ့​သော​သား​ရဲ​၏​ရုပ်​တု​ကို​ပြု​လုပ်​ရန် ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​အား​စေ​ခိုင်း​၏။

15 တစ်​ဖန် သား​ရဲ​၏​ရုပ်​တု​သည် စ​ကား​ပြော​နိုင်​ရန်​နှင့် သား​ရဲ​၏​ရုပ်​တု​ကို​မ​ကိုး​ကွယ်​သော​သူ​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​စေ​ရန် ထို​သား​ရဲ​၏​ရုပ်​တု​အား အ​သက်​သွင်း​ပေး​နိုင်​သော​အ​ခွင့်​ကို ရ​ရှိ​လေ​၏။

16 ထို့​ပြင် လူ​ကြီး​ဖြစ်​စေ၊ လူ​ငယ်​ဖြစ်​စေ၊ ချမ်း​သာ​သော​သူ​ဖြစ်​စေ၊ ဆင်း​ရဲ​သော​သူ​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​အ​ပေါင်း​တို့​အား သူ​တို့​၏​လက်​ယာ​လက်​ပေါ်​၌ သို့​မ​ဟုတ် န​ဖူး​ပေါ်​၌ အ​မှတ်​တံ​ဆိပ်​ကို​ရိုက်​နှိပ်​စေ​၍

17 သား​ရဲ​၏​အ​မည် သို့​မ​ဟုတ် သူ့​အ​မည်​၏​ကိန်း​ဂ​ဏန်း​ဖြစ်​သည့် ထို​အ​မှတ်​တံ​ဆိပ်​မ​ရှိ​လျှင် မည်​သူ​မျှ အ​ရောင်း​အ​ဝယ်​မ​ပြု​နိုင်​ရန်​စီ​ရင်​လေ​၏။

18 ဤ​နေ​ရာ​တွင် ဉာဏ်​ပ​ညာ​ရှိ​ရန်​လို​အပ်​၏။ ထိုး​ထွင်း​ဉာဏ်​ရှိ​သော​သူ​သည် သား​ရဲ​၏​ကိန်း​ဂ​ဏန်း​ကို​တွက်​ချက်​ပါ​စေ။ အ​ကြောင်း​မူ​ကား ၎င်း​သည် လူ​တစ်​ဦး​၏​ကိန်း​ဂ​ဏန်း​ဖြစ်​ပြီး ထို​ကိန်း​ဂ​ဏန်း​မှာ ခြောက်​ရာ​ခြောက်​ဆယ့်​ခြောက်​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22