1 ထို့နောက် ကောင်းကင်တမန်လေးပါးသည် ကမ္ဘာမြေကြီး၏ထောင့်လေးထောင့်တွင်ရပ်လျက် မြေကြီးပေါ်သို့လည်းကောင်း၊ ပင်လယ်ပေါ်သို့လည်းကောင်း၊ သစ်ပင်ရှိသမျှအပေါ်သို့လည်းကောင်း လေမတိုက်စေရန် မြေကြီးလေးမျက်နှာ၏လေတို့အား ထိန်းချုပ်ထားသည်ကို ငါမြင်ရ၏။
2 တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် အသက်ရှင်တော်မူသောဘုရားသခင်၏တံဆိပ်တော်ကို ကိုင်ဆောင်လျက် နေထွက်ရာအရပ်မှတက်လာသည်ကို ငါမြင်ရ၏။ ထိုကောင်းကင်တမန်သည် မြေကြီးနှင့်ပင်လယ်တို့ကို ဘေးသင့်စေနိုင်သောအခွင့်ရရှိထားသည့် ကောင်းကင်တမန်လေးပါးတို့အား
3 “ငါတို့ဘုရားသခင်၏အစေအပါးတို့၏နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်မပြီးမချင်း မြေကြီး၊ ပင်လယ်နှင့် သစ်ပင်တို့ကို ဘေးမသင့်စေနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်၏။
4 ထို့နောက် တံဆိပ်ခတ်နှိပ်ခြင်းခံရသောသူတို့၏အရေအတွက်ကို ငါကြားရ၏။ အစ္စရေးအမျိုးသားတို့၏မျိုးနွယ်စုအားလုံးထဲမှ တစ်သိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရကြ၏။
5 ယုဒအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရ၍ ရုဗင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဂဒ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
6 အာရှာအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ နဿလိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ မနာရှေအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
7 ရှိမောင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
8 ဇာဗုလုန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ယောသပ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရကြ၏။
9 ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။
10 သူတို့က “ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်တော်၌ရှိ၏”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။
11 ကောင်းကင်တမန်အပေါင်းတို့သည် ပလ္လင်တော်၊ သက်ကြီးဝါကြီးများနှင့် သတ္တဝါလေးပါးတို့၏ပတ်လည်၌ ရပ်နေကြ၏။ သူတို့သည်လည်း ပလ္လင်တော်ရှေ့၌ပျပ်ဝပ်လျက် ဘုရားသခင်ကိုရှိခိုးကာ
12 “အာမင်။ ကောင်းချီးမင်္ဂလာ၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်သရေ၊ တန်ခိုးနှင့် အစွမ်းသတ္တိတို့သည် ငါတို့ဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော။ အာမင်”ဟု မြွက်ဆိုကြ၏။
13 ထို့နောက် သက်ကြီးဝါကြီးတို့ထဲမှတစ်ပါးက “ဖြူသောဝတ်လုံကိုဝတ်ဆင်ထားသောဤသူတို့သည် မည်သူတို့နည်း။ မည်သည့်အရပ်မှလာကြသနည်း”ဟု ငါ့အားမေး၏။
14 ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။
15 ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့၌နေ၍ ကိုယ်တော်၏ဗိမာန်တော်တွင် နေ့ရောညပါ ကိုယ်တော်ကိုဝတ်ပြုရကြ၏။ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်သည်လည်း သူတို့နှင့်အတူစံမြန်းတော်မူလိမ့်မည်။
16 သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည်မဟုတ်။ နေ သို့မဟုတ် အခြားမည်သည့်အပူရှိန်မျှ သူတို့အပေါ်ကျရောက်မည်မဟုတ်။
17 အကြောင်းမူကား ပလ္လင်တော်အလယ်တွင်ရှိသောသိုးသငယ်တော်သည် သူတို့ကိုအုပ်ထိန်း၍ အသက်ရေထွက်ရာစမ်းရေတွင်းသို့ သူတို့ကိုလမ်းပြပို့ဆောင်တော်မူလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်”ဟု ဆို၏။