1 ထို့နောက် ငါကြည့်လိုက်ရာ သိုးသငယ်တော်သည် ဇိအုန်တောင်ပေါ်တွင်ရပ်နေ၏။ သိုးသငယ်တော်၏နာမနှင့် ခမည်းတော်၏နာမတို့ကို မိမိတို့နဖူး၌ရေးထားသောသူ တစ်သိန်းလေးသောင်းလေးထောင်တို့သည်လည်း သူနှင့်အတူရှိကြ၏။
2 ထို့နောက် များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ကျယ်လောင်သောမိုးကြိုးသံနှင့်လည်းကောင်း တူသည့် ကောင်းကင်မှအသံကို ငါကြားရ၏။ ငါကြားရသောထိုအသံသည် စောင်းသမားများ မိမိတို့စောင်းများတီးခတ်နေသည့်အသံနှင့်လည်းတူ၏။
3 သူတို့သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ရှေ့၌လည်းကောင်း သီချင်းသစ်ကိုသီဆိုကြ၏။ မြေကြီးပေါ်မှ ရွေးနုတ်ဝယ်ယူခြင်းခံရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှတစ်ပါး မည်သူကမျှ ထိုသီချင်းကိုမသင်ယူနိုင်ပေ။
4 ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။
5 သူတို့၏နှုတ်၌ မုသားမရှိ။ သူတို့သည် အပြစ်အနာအဆာကင်းသောသူများဖြစ်ကြ၏။
6 ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။
7 သူသည် ကျယ်လောင်သောအသံဖြင့် “ဘုရားသခင်တရားစီရင်တော်မူရာအချိန် ကျရောက်လာပြီဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့လျက် ဘုန်းတော်ကိုချီးမွမ်းကြလော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်စမ်းရေတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့”ဟု ကြွေးကြော်လေ၏။
8 ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းကြောင့် သက်ရောက်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို လူမျိုးတကာတို့အားတိုက်သော ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ”ဟု ကြွေးကြော်၏။
9 တစ်ဖန် တတိယကောင်းကင်တမန်သည် သူတို့နောက်မှလိုက်လာ၍ ကျယ်လောင်သောအသံဖြင့် “သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်လျက် မိမိနဖူးပေါ်တွင်ဖြစ်စေ၊ မိမိလက်ပေါ်တွင်ဖြစ်စေ သူ၏အမှတ်တံဆိပ်ကိုခံယူသောသူသည်
10 ဘုရားသခင်၏အမျက်တော်ခွက်၌ မည်သည့်အရာမျှမရောစပ်ဘဲလောင်းထည့်သည့် ကိုယ်တော်၏ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်၏ရှေ့မှောက်တွင် ကန့်နှင့်မီးတို့ထဲ၌ ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။
11 သူတို့ခံရသည့်ညှဉ်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက်နေ၏။ သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍ သူ့အမည်၏အမှတ်တံဆိပ်ကိုခံယူသောသူသည် နေ့ရောညပါ သက်သာရာရလိမ့်မည်မဟုတ်”ဟု ကြွေးကြော်လေ၏။
12 ဤနေရာတွင် ဘုရားသခင်၏ပညတ်တော်တို့ကိုလည်းကောင်း၊ ယေရှု၌ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ထိန်းသော သန့်ရှင်းသူတို့၏သည်းခံခြင်းရှိ၏။
13 ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။
14 တစ်ဖန် ငါကြည့်လိုက်ရာ ဖြူသောမိုးတိမ်ရှိ၍ ထိုမိုးတိမ်ပေါ်တွင် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက် လက်၌ ထက်သောတံစဉ်ကိုကိုင်ထားသည့် လူ့သားနှင့်တူသောသူတစ်ဦးထိုင်နေ၏။
15 ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲမှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူအား “မြေကြီးပေါ်မှရိတ်သိမ်းစရာသည် မှည့်ပြီဖြစ်၍ ရိတ်သိမ်းရန်အချိန်ကျရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ ရိတ်သိမ်းတော်မူပါ”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။
16 ထိုအခါ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူသည် မိမိ၏တံစဉ်ကို မြေကြီးပေါ်သို့ဝှေ့ယမ်းလိုက်ရာ မြေကြီးသည် ရိတ်သိမ်းခြင်းကိုခံရလေ၏။
17 တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ရှိ ဗိမာန်တော်ထဲမှထွက်လာ၏။ သူ၌လည်း ထက်သောတံစဉ်ပါ၏။
18 ထို့နောက် မီးအပေါ်အခွင့်အာဏာရှိသည့် အခြားသောကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲမှထွက်လာ၍ ထက်သောတံစဉ်ပါသောသူအား “စပျစ်သီးများမှည့်ပြီဖြစ်သောကြောင့် သင်၏ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီးပေါ်မှစပျစ်ခိုင်များကို ရိတ်သိမ်းလော့”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
19 ထိုကောင်းကင်တမန်သည်လည်း သူ၏တံစဉ်ကို မြေကြီးပေါ်သို့ဝှေ့ယမ်းလျက် မြေကြီးပေါ်မှစပျစ်ခိုင်ကိုရိတ်သိမ်းကာ ဘုရားသခင်၏ပြင်းစွာသောဒေါသနှင့်ဆိုင်သည့် ကြီးမားသောစပျစ်သီးနယ်ရာကျင်းထဲသို့ သွန်ချလိုက်၏။
20 ၎င်းတို့ကို မြို့ပြင်ရှိ စပျစ်သီးနယ်ရာကျင်း၌နင်းနယ်သောအခါ သွေးသည် ထိုစပျစ်သီးနယ်ရာကျင်းမှစီးထွက်လာ၍ မြင်း၏ဇက်ကြိုးအထိမြင့်ပြီး စတာဒီယွန်တစ်ထောင့်ခြောက်ရာပြန့်သွားလေ၏။