ဗျာ​ဒိတ်​ကျမ်း 19 MSB

ဘေ​ဘီ​လုံ​မြို့​၏​ကျ​ဆုံး​မှု​အ​တွက် ကောင်း​ကင်​သား​တို့​ဝမ်း​မြောက်​ကြ​ခြင်း

1 ထို့​နောက် ကောင်း​ကင်​ရှိ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​၏​ကျယ်​လောင်​သည့်​အ​သံ​ကဲ့​သို့​သော​အ​သံ​ကို ငါ​ကြား​ရ​၏။ သူ​တို့​က “ဟာ​လေ​လု​ယာ။ ကယ်​တင်​ခြင်း၊ ဘုန်း​အ​သ​ရေ​တော်​နှင့် တန်​ခိုး​တော်​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်​နှင့်​ဆိုင်​တော်​မူ​၏။

2 အ​ကြောင်း​မူ​ကား ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် မှန်​ကန်​၍​ဖြောင့်​မတ်​၏။ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အား​ဖြင့် ကမ္ဘာ​မြေ​ကြီး​အား​ပျက်​စီး​စေ​သည့် ပြည့်​တန်​ဆာ​မ​ကြီး​ကို ကိုယ်​တော်​သည် စီ​ရင်​တော်​မူ​လျက် သူ​၏​လက်​၌​စွန်း​ထင်း​သော ကိုယ်​တော့်​အ​စေ​အ​ပါး​တို့​၏​သွေး​အ​တွက် လက်​တုံ့​ပြန်​တော်​မူ​ပြီ”​ဟု ဆို​ကြ​၏။

3 ထို့​နောက် တစ်​ဖန် သူ​တို့​က “ဟာ​လေ​လု​ယာ။ သူ​၏​မီး​ခိုး​သည် ကမ္ဘာ​အ​ဆက်​ဆက်​တက်​သွား​လျက်​ရှိ​၏”​ဟု ဆို​ကြ​၏။

4 သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ့်​လေး​ပါး​နှင့် သတ္တ​ဝါ​လေး​ပါး​တို့​သည်​လည်း ပျပ်​ဝပ်​လျက် ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​ရှိ​ခိုး​ကာ “အာ​မင်။ ဟာ​လေ​လု​ယာ”​ဟု ဆို​ကြ​၏။

5 ပလ္လင်​တော်​မှ​ထွက်​လာ​သော​အ​သံ​က​လည်း “ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​များ​နှင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​သော​သူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့၊ ငါ​တို့​၏​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့”​ဟု ဆို​၏။

သိုး​သ​ငယ်​တော်​၏မင်္ဂ​လာ​ဧည့်​ခံ​ပွဲ

6 ထို့​နောက် များ​စွာ​သော​လူ​အ​စု​အ​ဝေး​၏​အ​သံ​နှင့်​လည်း​ကောင်း၊ များ​စွာ​သော​ရေ​ဟုန်​၏​အ​သံ​နှင့်​လည်း​ကောင်း၊ ပြင်း​ထန်​သော​မိုး​ကြိုး​သံ​နှင့်​လည်း​ကောင်း တူ​သော​အ​သံ​က “ဟာ​လေ​လု​ယာ။ အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​တော်​မူ​သည်​ဖြစ်​၍

7 ငါ​တို့​သည် ဝမ်း​မြောက်​ရွှင်​မြူး​လျက် ကိုယ်​တော်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​ကုန်​စို့။ အ​ဘယ်​ကြောင့်​ဆို​သော် သိုး​သ​ငယ်​တော်​၏​မင်္ဂ​လာ​ဆောင်​ပွဲ​အ​ချိန်​ကျ​ရောက်​လာ​၍ သူ​၏​သ​တို့​သ​မီး​သည် မိ​မိ​ကိုယ်​ကို​ပြင်​ဆင်​လေ​ပြီ။

8 ထို​သ​တို့​သ​မီး​သည် စင်​ကြယ်​တောက်​ပ​သော​ပိတ်​ချော​ထည်​ကို ဝတ်​ဆင်​ခွင့်​ရ​ရှိ​၏။ ထို​ပိတ်​ချော​ထည်​ကား သန့်​ရှင်း​သူ​တို့​၏​ဖြောင့်​မတ်​သော​အ​ကျင့်​ဖြစ်​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

9 ထို့​နောက် ကောင်း​ကင်​တ​မန်​က “သိုး​သ​ငယ်​တော်​၏​မင်္ဂ​လာ​ည​စာ​စား​ပွဲ​သို့ ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏​ဟု ရေး​ထား​လော့”​ဟူ​၍ ငါ့​အား​မြွက်​ဆို​ပြီး​လျှင် “ဤ​အ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​ဖြောင့်​မှန်​သော​နှုတ်​က​ပတ်​တော်​များ​ဖြစ်​ကြ​၏”​ဟု မြွက်​ဆို​လေ​၏။

10 ထို​အ​ခါ ငါ​သည် ထို​ကောင်း​ကင်​တ​မန်​ကို​ရှိ​ခိုး​ရန် သူ​၏​ခြေ​ရင်း​၌​ပျပ်​ဝပ်​လေ​သော် သူ​က “ထို​သို့​မ​ပြု​နှင့်။ ငါ​သည် သင်​မှ​စ​၍ ယေ​ရှု​နှင့်​ဆိုင်​သည့်​သက်​သေ​ခံ​ချက်​ကို​ရ​ရှိ​ထား​သော သင့်​ညီ​အစ်​ကို​တို့​၏​အ​စေ​အ​ပါး​ချင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​ရှိ​ခိုး​လော့။ အ​ကြောင်း​မူ​ကား ယေ​ရှု​နှင့်​ဆိုင်​သော​သက်​သေ​ခံ​ချက်​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​၏​ဝိ​ညာဉ်​ဖြစ်​၏”​ဟု ဆို​၏။

မြင်း​ဖြူ​ပေါ်​စီး​သော​သူ

11 ထို့​နောက် ငါ​ကြည့်​လိုက်​ရာ ကောင်း​ကင်​သည်​ပွင့်​လျက်​နေ​၍ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၏။ ၎င်း​ပေါ်​တွင်​ထိုင်​သော​သူ​ကား သစ္စာ​ရှိ​သော​သူ၊ ဖြောင့်​မှန်​သော​သူ​ဟု ခေါ်​ဝေါ်​ခြင်း​ခံ​ရ​၏။ သူ​သည် ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​၍ စစ်​တိုက်​လေ​၏။

12 သူ​၏​မျက်​စိ​တို့​သည် မီး​လျှံ​ကဲ့​သို့​ဖြစ်​ပြီး သူ​၏​ဦး​ခေါင်း​ပေါ်​၌ သ​ရ​ဖူ​များ​ကို​ဆောင်း​ထား​၏။ သူ​၌​ရေး​ထား​သော​နာ​မ​တစ်​ခု​ရှိ​၍ ၎င်း​ကို သူ​ကိုယ်​တိုင်​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ။

13 သူ​သည် သွေး​၌​နှစ်​ထား​သော​ဝတ်​ရုံ​ကို​ဝတ်​ထား​လျက် သူ​၏​အ​မည်​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ဟု ခေါ်​၏။

14 ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် စင်​ကြယ်​သော​ပိတ်​ချော​ဖြူ​ကို​ဝတ်​ဆင်​လျက် မြင်း​ဖြူ​ကို​စီး​ကာ သူ​၏​နောက်​သို့​လိုက်​ကြ​၏။

15 သူ​၏​ခံ​တွင်း​ထဲ​မှ​လည်း လူ​မျိုး​တ​ကာ​တို့​ကို​ဒဏ်​ခတ်​ရန် ထက်​သော​သန်​လျက်​ထွက်​နေ​၏။ သူ​သည် ထို​သူ​တို့​ကို သံ​လှံ​တံ​ဖြင့်​အုပ်​ထိန်း​လိမ့်​မည်။ သူ​သည် အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဆိုင်​ရာ ပြင်း​စွာ​သော​ဒေါ​သ​စ​ပျစ်​ဝိုင်​၏​စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို နင်း​နယ်​လိမ့်​မည်။

16 သူ​၏​ဝတ်​ရုံ​နှင့်​ပေါင်​တို့​၌ “ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်”​ဟု ရေး​ထား​သော​ဘွဲ့​နာ​မ​ရှိ​၏။

သား​ရဲ​နှင့်​သူ​၏​စစ်​သည်​များ​ရှုံး​နိမ့်​ခြင်း

17 ထို့​နောက် နေ​ထဲ​၌ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​သည် ကောင်း​ကင်​အ​လယ်​၌ ပျံ​သန်း​သော​ငှက်​အ​ပေါင်း​တို့​အား “ဘု​ရား​သ​ခင်​၏​ည​စာ​စား​ပွဲ​ကြီး​သို့ လာ​၍​စု​ဝေး​ကြ​လော့။

18 ရှင်​ဘု​ရင်​တို့​၏​အ​သား၊ တပ်​မှူး​ကြီး​တို့​၏​အ​သား၊ စစ်​သူ​ရဲ​တို့​၏​အ​သား၊ မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​တို့​၏​အ​သား၊ လွတ်​လပ်​သူ​နှင့်​ကျွန်​များ​မှ​စ​၍ လူ​ကြီး​လူ​ငယ်​ရှိ​သ​မျှ​တို့​၏​အ​သား​ကို လာ​၍ စား​ကြ​လော့”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​လေ​၏။

19 ထို​အ​ခါ သား​ရဲ​မှ​စ​၍ ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​များ​နှင့် ၎င်း​တို့​၏​ဗိုလ်​ခြေ​များ​သည် မြင်း​စီး​သော​သူ​နှင့်​သူ​၏​ဗိုလ်​ခြေ​ကို​စစ်​တိုက်​ရန် စု​ဝေး​ကြ​သည်​ကို ငါ​မြင်​ရ​၏။

20 သို့​သော် သား​ရဲ​သည် ပ​ရော​ဖက်​အ​တု​အ​ယောင်​နှင့်​အ​တူ အ​ဖမ်း​ခံ​ရ​၏။ ထို​ပ​ရော​ဖက်​အ​တု​အ​ယောင်​သည် သား​ရဲ​၏​ရှေ့​မှောက်​၌ နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​လျက် ထို​နိ​မိတ်​လက္ခ​ဏာ​များ​အား​ဖြင့် သား​ရဲ​၏​တံ​ဆိပ်​ကို​ခံ​ယူ​၍ သူ​၏​ရုပ်​တု​ကို​ကိုး​ကွယ်​သော​သူ​တို့​အား လှည့်​ဖြား​သော​သူ​ဖြစ်​၏။ ထို​သူ​နှစ်​ဦး​စ​လုံး​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲ​သို့ အ​ရှင်​လတ်​လတ်​ပစ်​ချ​ခြင်း​ခံ​ရ​ကြ​၏။

21 ကြွင်း​ကျန်​သော​သူ​တို့​မူ​ကား မြင်း​စီး​သော​သူ​၏​ခံ​တွင်း​မှ​ထွက်​သော​သန်​လျက်​ဖြင့် သတ်​ဖြတ်​ခြင်း​ခံ​ရ​ပြီး ငှက်​အ​ပေါင်း​တို့​သည် သူ​တို့​၏​အ​သား​ကို ဝ​လင်​စွာ​စား​ကြ​ရ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22