1 ထို့နောက် သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုထဲမှ တစ်ခုကိုဖွင့်သောအခါ ငါကြည့်လျှင် သတ္တဝါလေးပါးတို့ထဲမှတစ်ပါးက မိုးချုန်းသံကဲ့သို့သောအသံဖြင့် “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။
2 ထိုအခါ ငါကြည့်လိုက်ရာ မြင်းဖြူတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူ၌ လေးတစ်လက်ပါ၏။ သူသည် သရဖူတစ်ခုကိုရရှိပြီး အောင်မြင်ခြင်းအပေါ်၌ ဆက်၍အောင်မြင်ရန် ထွက်ခွာသွား၏။
3 သိုးသငယ်တော်သည် ဒုတိယတံဆိပ်ကိုဖွင့်သောအခါ ဒုတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။
4 ထိုအခါ နီရဲသောအခြားမြင်းတစ်ကောင်ထွက်လာ၏။ ထိုမြင်းပေါ်တွင်စီးသောသူသည် လူတို့အား အချင်းချင်းသတ်ဖြတ်ကြစေရန် မြေကြီးပေါ်မှ ငြိမ်းချမ်းမှုကိုရုပ်သိမ်းရသောအခွင့်ကိုရရှိ၏။ ကြီးမားသောဓားတစ်လက်ကိုလည်း သူ့အားပေးလေ၏။
5 သိုးသငယ်တော်သည် တတိယတံဆိပ်ကိုဖွင့်သောအခါ တတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ ငါကြည့်လိုက်ရာ မြင်းနက်တစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် မိမိလက်၌ ချိန်ခွင်ကို ကိုင်ထား၏။
6 ထို့နောက် သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာသော စကားသံနှင့်တူသည့်အသံက “ဂျုံဆန်တစ်ခွက်လျှင် ဒေနာရိတစ်ပြား၊ မုယောဆန်သုံးခွက်လျှင်လည်း ဒေနာရိတစ်ပြားဖြစ်၏။ ဆီနှင့်စပျစ်ဝိုင်ကို မပျက်စေနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။
7 သိုးသငယ်တော်သည် စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ စတုတ္ထသတ္တဝါက “လာလော့”ဟု ဆိုသည့်အသံကို ငါကြားရ၏။
8 ထိုအခါ ငါကြည့်လိုက်ရာစိမ်းဖန့်ဖန့်မြင်းတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် သေခြင်းဟုနာမည်တွင်၏။ သူ၏နောက်မှ မရဏာနိုင်ငံသည်လိုက်လာ၏။ သူတို့သည် ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ သေဘေးဖြင့်လည်းကောင်း၊ မြေကြီးပေါ်ရှိသားရဲတိရစ္ဆာန်ဘေးဖြင့်လည်းကောင်း လူတို့ကိုသတ်ဖြတ်ရန် ကမ္ဘာမြေကြီး၏လေးပုံတစ်ပုံအပေါ် အခွင့်အာဏာကိုရကြ၏။
9 သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်လည်းကောင်း၊ မိမိတို့ရရှိထားသောသက်သေခံချက်ကြောင့်လည်းကောင်း အသေသတ်ခြင်းခံရသောသူတို့၏ဝိညာဉ်များကို ယဇ်ပလ္လင်အောက်တွင် ငါမြင်ရ၏။
10 ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။
11 ထိုအခါ သူတို့တစ်ဦးစီအား ဖြူသောဝတ်လုံကိုပေးတော်မူပြီးလျှင် သူတို့နည်းတူ အသေသတ်ခြင်းခံရရန်ရှိသည့် သူတို့၏အစေအပါးချင်းများနှင့် သူတို့ညီအစ်ကိုများ၏အရေအတွက် ပြည့်စုံသည့်တိုင်အောင် နောက်ထပ် ခဏအနားယူကြရန် သူတို့အား မိန့်တော်မူ၏။
12 သိုးသငယ်တော်သည် ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လိုက်ရာ ငလျင်ပြင်းထန်စွာလှုပ်သဖြင့် နေသည် ဆိတ်မွေးနှင့်လုပ်သောအထည်ကြမ်းကဲ့သို့ မည်းသွား၍ လတစ်ခုလုံးသည် သွေးကဲ့သို့ဖြစ်သွားလေ၏။
13 ကောင်းကင်မှကြယ်များသည် လေပြင်းလှုပ်ခါသောအခါ သဖန်းပင်မှအသီးစိမ်းများကြွေကျသကဲ့သို့ မြေကြီးပေါ်သို့ကျကြ၏။
14 ကောင်းကင်သည်လည်း စာလိပ်ကိုလိပ်လိုက်သကဲ့သို့ ပျောက်လွင့်သွား၍ တောင်နှင့်ကျွန်းရှိသမျှတို့သည် မိမိတို့နေရာမှရွေ့သွားကြ၏။
15 ထိုအခါ ကမ္ဘာမြေကြီး၏ရှင်ဘုရင်များ၊ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများ၊ ချမ်းသာသောသူများ၊ ခွန်အားကြီးသောသူများမှစ၍ ကျွန်နှင့်လွတ်လပ်သူရှိသမျှတို့သည် လိုဏ်ဂူတို့၌လည်းကောင်း၊ တောင်များပေါ်ရှိ ကျောက်ဆောင်တို့ကြား၌လည်းကောင်း ပုန်းအောင်းကြပြီးလျှင်
16 တောင်များနှင့်ကျောက်ဆောင်များအား “ငါတို့အပေါ်သို့ပြိုကျလျက် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏မျက်နှာတော်နှင့် သိုးသငယ်တော်၏အမျက်တော်မှ ငါတို့ကိုဖုံးကွယ်ကြပါ။
17 အကြောင်းမူကား အမျက်တော်ထင်ရှားရာနေ့ရက်ကြီးကျရောက်လာပြီဖြစ်၍ မည်သူသည် ခံရပ်နိုင်မည်နည်း”ဟု ပြောဆိုကြ၏။