4 ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။
5 သူတို့၏နှုတ်၌ မုသားမရှိ။ သူတို့သည် အပြစ်အနာအဆာကင်းသောသူများဖြစ်ကြ၏။
6 ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။
7 သူသည် ကျယ်လောင်သောအသံဖြင့် “ဘုရားသခင်တရားစီရင်တော်မူရာအချိန် ကျရောက်လာပြီဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့လျက် ဘုန်းတော်ကိုချီးမွမ်းကြလော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်စမ်းရေတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့”ဟု ကြွေးကြော်လေ၏။
8 ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းကြောင့် သက်ရောက်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို လူမျိုးတကာတို့အားတိုက်သော ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ”ဟု ကြွေးကြော်၏။
9 တစ်ဖန် တတိယကောင်းကင်တမန်သည် သူတို့နောက်မှလိုက်လာ၍ ကျယ်လောင်သောအသံဖြင့် “သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်လျက် မိမိနဖူးပေါ်တွင်ဖြစ်စေ၊ မိမိလက်ပေါ်တွင်ဖြစ်စေ သူ၏အမှတ်တံဆိပ်ကိုခံယူသောသူသည်
10 ဘုရားသခင်၏အမျက်တော်ခွက်၌ မည်သည့်အရာမျှမရောစပ်ဘဲလောင်းထည့်သည့် ကိုယ်တော်၏ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်၏ရှေ့မှောက်တွင် ကန့်နှင့်မီးတို့ထဲ၌ ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။