11 လူတို့သည် သူတို့ခံရသောနာကျင်ခြင်းဝေဒနာနှင့် သူတို့၏အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို စော်ကားပြောဆို၍ မိမိတို့ပြုသောအမှုများအတွက် နောင်တမရကြပေ။
12 ဆဋ္ဌမကောင်းကင်တမန်သည် သူ၏ဖလားကို ကြီးမားသောယူဖရေးတီးမြစ်ပေါ်သို့သွန်းလောင်းသောအခါ အရှေ့ပြည်မှဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးရန် မြစ်ရေသည်ခန်းခြောက်သွားလေ၏။
13 ထို့နောက် နဂါး၏ခံတွင်းမှလည်းကောင်း၊ သားရဲ၏ခံတွင်းမှလည်းကောင်း၊ ပရောဖက်အတုအယောင်၏ခံတွင်းမှလည်းကောင်း ဖားနှင့်တူသည့် ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်လာသည်ကို ငါမြင်ရ၏။
14 ထိုဝိညာဉ်တို့သည် နိမိတ်လက္ခဏာများကိုပြုသော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရင်များကို အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ရက်ကြီးနှင့်ဆိုင်သောစစ်ပွဲအတွက်စုဝေးစေရန် ထိုဘုရင်များထံသို့ ထွက်ခွာသွားကြ၏။
15 (ကြည့်ရှုလော့။ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်မပါအချည်းစည်းဖြင့်သွားလာ၍ မိမိအရှက်ကို လူတို့မြင်ရသည့်အဖြစ်မျိုးမရှိစေရန် မိမိအဝတ်များကိုထိန်းသိမ်းလျက် သတိနှင့်စောင့်နေသောသူသည် မင်္ဂလာရှိ၏။)
16 ထိုဝိညာဉ်တို့သည် ဘုရင်များကို ဟေဗြဲဘာသာစကားအားဖြင့် အာမဂေဒုန်ဟုခေါ်သောအရပ်၌ စုဝေးစေကြ၏။
17 သတ္တမကောင်းကင်တမန်သည် သူ၏ဖလားကို အာကာသထဲသို့သွန်းလောင်းသောအခါ ဗိမာန်တော်ထဲရှိ ပလ္လင်တော်မှ ကျယ်လောင်သောအသံထွက်ပေါ်လာ၍ “အမှုပြီးမြောက်ပြီ”ဟု ဆို၏။