ဗျာ​ဒိတ်​ကျမ်း 16:12-18 MSB

12 ဆဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို ကြီး​မား​သော​ယူ​ဖ​ရေး​တီး​မြစ်​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ အ​ရှေ့​ပြည်​မှ​ဘု​ရင်​များ​အ​တွက် လမ်း​ကို​ပြင်​ဆင်​ပေး​ရန် မြစ်​ရေ​သည်​ခန်း​ခြောက်​သွား​လေ​၏။

13 ထို့​နောက် န​ဂါး​၏​ခံ​တွင်း​မှ​လည်း​ကောင်း၊ သား​ရဲ​၏​ခံ​တွင်း​မှ​လည်း​ကောင်း၊ ပ​ရော​ဖက်​အ​တု​အ​ယောင်​၏​ခံ​တွင်း​မှ​လည်း​ကောင်း ဖား​နှင့်​တူ​သည့် ညစ်​ညူး​သော​ဝိ​ညာဉ်​သုံး​ပါး ထွက်​လာ​သည်​ကို ငါ​မြင်​ရ​၏။

14 ထို​ဝိ​ညာဉ်​တို့​သည် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​သော နတ်​ဆိုး​တို့​၏​ဝိ​ညာဉ်​များ​ဖြစ်​ကြ​၏။ ၎င်း​တို့​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ ဘု​ရင်​များ​ကို အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​နေ့​ရက်​ကြီး​နှင့်​ဆိုင်​သော​စစ်​ပွဲ​အ​တွက်​စု​ဝေး​စေ​ရန် ထို​ဘု​ရင်​များ​ထံ​သို့ ထွက်​ခွာ​သွား​ကြ​၏။

15 (ကြည့်​ရှု​လော့။ ငါ​သည် သူ​ခိုး​ကဲ့​သို့​လာ​မည်။ အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြင့်​သွား​လာ​၍ မိ​မိ​အ​ရှက်​ကို လူ​တို့​မြင်​ရ​သည့်​အ​ဖြစ်​မျိုး​မ​ရှိ​စေ​ရန် မိ​မိ​အ​ဝတ်​များ​ကို​ထိန်း​သိမ်း​လျက် သ​တိ​နှင့်​စောင့်​နေ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။)

16 ထို​ဝိ​ညာဉ်​တို့​သည် ဘု​ရင်​များ​ကို ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် အာ​မ​ဂေ​ဒုန်​ဟု​ခေါ်​သော​အ​ရပ်​၌ စု​ဝေး​စေ​ကြ​၏။

17 သတ္တ​မ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို အာ​ကာ​သ​ထဲ​သို့​သွန်း​လောင်း​သော​အ​ခါ ဗိ​မာန်​တော်​ထဲ​ရှိ ပလ္လင်​တော်​မှ ကျယ်​လောင်​သော​အ​သံ​ထွက်​ပေါ်​လာ​၍ “အ​မှု​ပြီး​မြောက်​ပြီ”​ဟု ဆို​၏။

18 ထို​အ​ခါ လျှပ်​စီး​လက်​ခြင်း၊ အ​သံ​မြည်​ဟည်း​ခြင်း​နှင့် မိုး​ချုန်း​ခြင်း​များ​ဖြစ်​ပေါ်​လာ​၍ င​လျင်​ပြင်း​ထန်​စွာ​လှုပ်​လေ​၏။ မြေ​ကြီး​ပေါ်​တွင် လူ​ဖြစ်​ပေါ်​လာ​ချိန်​မှ​စ​၍ ထို​မျှ​လောက်​ကြီး​မား​၍​ပြင်း​ထန်​သော​င​လျင်​မျိုး​သည် မ​ဖြစ်​ခဲ့​ဖူး​ပေ။