14 ထိုဝိညာဉ်တို့သည် နိမိတ်လက္ခဏာများကိုပြုသော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရင်များကို အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ရက်ကြီးနှင့်ဆိုင်သောစစ်ပွဲအတွက်စုဝေးစေရန် ထိုဘုရင်များထံသို့ ထွက်ခွာသွားကြ၏။
15 (ကြည့်ရှုလော့။ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်မပါအချည်းစည်းဖြင့်သွားလာ၍ မိမိအရှက်ကို လူတို့မြင်ရသည့်အဖြစ်မျိုးမရှိစေရန် မိမိအဝတ်များကိုထိန်းသိမ်းလျက် သတိနှင့်စောင့်နေသောသူသည် မင်္ဂလာရှိ၏။)
16 ထိုဝိညာဉ်တို့သည် ဘုရင်များကို ဟေဗြဲဘာသာစကားအားဖြင့် အာမဂေဒုန်ဟုခေါ်သောအရပ်၌ စုဝေးစေကြ၏။
17 သတ္တမကောင်းကင်တမန်သည် သူ၏ဖလားကို အာကာသထဲသို့သွန်းလောင်းသောအခါ ဗိမာန်တော်ထဲရှိ ပလ္လင်တော်မှ ကျယ်လောင်သောအသံထွက်ပေါ်လာ၍ “အမှုပြီးမြောက်ပြီ”ဟု ဆို၏။
18 ထိုအခါ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လာ၍ ငလျင်ပြင်းထန်စွာလှုပ်လေ၏။ မြေကြီးပေါ်တွင် လူဖြစ်ပေါ်လာချိန်မှစ၍ ထိုမျှလောက်ကြီးမား၍ပြင်းထန်သောငလျင်မျိုးသည် မဖြစ်ခဲ့ဖူးပေ။
19 မြို့ကြီးသည် သုံးပိုင်းကွဲသွား၍ တိုင်းနိုင်ငံတို့၏မြို့များသည်လည်း ပြိုလဲကြကုန်၏။ ဘုရားသခင်သည် မိမိ၏အမျက်တော်နှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ခွက်ကိုပေးရန် ဘေဘီလုံမြို့ကြီးကိုသတိရတော်မူ၏။
20 ကျွန်းရှိသမျှတို့သည် ပျောက်လွင့်သွား၍ တောင်များကိုလည်း မတွေ့ရတော့ပေ။