1 ထို့နောက် ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ များစွာသောရေတို့အပေါ်ထိုင်နေသော ပြည့်တန်ဆာမကြီးခံရမည့် တရားစီရင်ခြင်းကို သင့်အား ငါပြမည်။
2 ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည်လည်း သူ၏တရားနှင့်မညီမေထုန်ပြုခြင်းစပျစ်ဝိုင်ဖြင့် ယစ်မူးကြ၏”ဟု မြွက်ဆိုပြီးလျှင်
3 ငါ့ကို ဝိညာဉ်တော်အားဖြင့် တောကန္တာရထဲသို့ ခေါ်ဆောင်သွားလေ၏။ ထိုအခါ ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိ၍ ဘုရားသခင်ကိုစော်ကားသော အမည်နာမများဖြင့်ပြည့်နေသည့် နီမြန်းသောသားရဲပေါ်၌ ထိုင်နေသောမိန်းမတစ်ယောက်ကို ငါမြင်ရ၏။
4 ထိုမိန်းမသည် ခရမ်းရောင်နှင့် နီမြန်းသောအရောင်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားကာ သူ၏လက်၌ ရွံရှာဖွယ်ရာများနှင့် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်း၏ညစ်ညူးသောအရာများဖြင့်ပြည့်နေသော ရွှေခွက်ကို ကိုင်ထား၏။
5 သူ၏နဖူးပေါ်၌ရေးထားသည့် လျှို့ဝှက်နက်နဲသောအမည်နာမမှာ “ဘေဘီလုံမြို့ကြီး၊ ပြည့်တန်ဆာတို့နှင့်ကမ္ဘာမြေကြီးပေါ်မှရွံရှာဖွယ်ရာများ၏အမိ”ဟူ၍ဖြစ်၏ ။
6 ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။
7 ထိုအခါ ကောင်းကင်တမန်က “သင်သည် အဘယ်ကြောင့်အံ့ဩသနည်း။ ထိုမိန်းမနှင့် သူ့ကိုသယ်ဆောင်သော ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိသည့် သားရဲတို့၏လျှို့ဝှက်နက်နဲသောအချက်ကို သင့်အား ငါပြောပြမည်။