1 ဧဖက်မြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မိမိလက်ယာလက်တွင် ကြယ်ခုနစ်လုံးကိုကိုင်ထားသောသူ၊ ရွှေဆီမီးခုံခုနစ်ခုအလယ်၌ သွားလာသောသူက ဤသို့မိန့်တော်မူ၏။
2 သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သည်းခံမှုတို့ကို ငါသိ၏။ သင်သည် ဆိုးယုတ်သောသူတို့ကို လက်မခံနိုင်ကြောင်းနှင့် မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုကြသော်လည်း တမန်တော်မဟုတ်သောသူတို့ကို စမ်းသပ်စစ်ဆေး၍ သူတို့သည် လိမ်လည်သောသူများဖြစ်ကြသည်ဟု သင်တွေ့ရှိကြောင်းကိုလည်း ငါသိ၏။
3 သင်သည် သည်းခံခြင်းရှိလျက် ငါ၏နာမအတွက် အပင်ပန်းခံ၍ အားလျော့ခြင်းမရှိခဲ့ချေ။
4 သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိ၏ကနဦးမေတ္တာကိုစွန့်ခွာခဲ့ပြီ။
5 ထို့ကြောင့် သင်သည် မည်သည့်နေရာမှကျဆင်းခဲ့သည်ကို သတိရလျက် နောင်တရကာ ပထမပြုသောအမှုများကိုပြုလော့။ ထိုသို့မပြုဘဲ နောင်တလည်းမရပါက သင့်ထံသို့ငါလာ၍ သင်၏ဆီမီးခုံကို သူ့နေရာမှရွှေ့လိုက်မည်။
6 သို့ရာတွင် ဤတစ်ချက်ကား သင်၌ရှိ၏။ ငါမုန်းသော နိကောလဂိုဏ်းဝင်များ၏လုပ်ဆောင်မှုတို့ကို သင်လည်းမုန်း၏။