17 ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။
18 သွာတိရမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မီးလျှံကဲ့သို့သောမျက်စိနှင့် တောက်ပသောကြေးဝါနှင့်တူသောခြေရှိသည့် ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။
19 သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ချစ်ခြင်း၊ ယုံကြည်ခြင်း၊ အမှုတော်ဆောင်ခြင်းနှင့် သည်းခံခြင်းတို့ကို ငါသိ၏။ သင်၏နောက်ပိုင်းလုပ်ဆောင်မှုများသည် ကနဦးလုပ်ဆောင်မှုများထက် သာလွန်ကြောင်းကိုလည်း ငါသိ၏။
20 သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။
21 ငါသည် သူ့အား နောင်တရရန်အချိန်ပေးခဲ့သော်လည်း သူသည် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းအတွက် နောင်တရလိုသောစိတ်မရှိ။
22 ကြည့်ရှုလော့။ ငါသည် သူ့ကို အိပ်ရာပေါ်တွင်လဲစေမည်။ သူနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူတို့ကိုလည်း မိမိပြုသောအမှုများအတွက်နောင်တမရပါက ကြီးစွာသောဆင်းရဲဒုက္ခသို့ရောက်စေမည်။
23 သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။