1 ထိုကာလ၌ ဟေရုဒ်မင်းသည် အသင်းတော်မှ လူအချို့တို့ကို မတရားနှိပ်စက်ရန် ဖမ်းဆီး၍
2 ယောဟန်၏အစ်ကိုယာကုပ်ကို ဓားဖြင့်ကွပ်မျက်လေ၏။
3 ထိုအမှုကို ဂျူးလူမျိုးတို့ နှစ်သက်ကြကြောင်းတွေ့မြင်လျှင် တစ်ဖန် ထပ်၍ ပေတရုကိုလည်းဖမ်းဆီးရန် စီစဉ်လေ၏။ ထိုအချိန်သည် တဆေးမဲ့မုန့်ပွဲတော်အချိန်ဖြစ်၏။
4 ဟေရုဒ်မင်းသည် ပေတရုကိုဖမ်းဆီး၍ထောင်ထဲ၌ထည့်ထားပြီးလျှင် သူ့ကိုစောင့်ကြပ်ရန် စစ်သားလေးဦးဖြင့်ဖွဲ့ထားသော တပ်ဖွဲ့လေးဖွဲ့ထံသို့ အပ်နှံထား၏။ သူသည် ပသခါပွဲတော်လွန်လျှင် ပေတရုကို လူထုရှေ့တွင်ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။
5 ဤသို့ဖြင့် ပေတရုသည် ထောင်ထဲ၌ ထိန်းသိမ်းထားခြင်းခံရ၏။ သို့ရာတွင် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံသို့ စိတ်အားထက်သန်စွာဆုတောင်းလျက်နေ၏။
6 ဟေရုဒ်မင်းသည် ပေတရုကိုထုတ်ဆောင်ရန် ကြံရွယ်ထားသည့်နေ့မတိုင်မီည၌ ပေတရုသည် သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ခြင်းခံရလျက် စစ်သားနှစ်ဦးကြားတွင် အိပ်ပျော်နေ၏။ အစောင့်များသည်လည်း တံခါးရှေ့တွင် ထောင်ကိုစောင့်ကြပ်နေကြ၏။
7 ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် ထောင်ခန်းထဲ၌ အလင်းရောင်ထွန်းလင်းလေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံဘေးကိုပုတ်လျက် သူ့ကိုနှိုးကာ “မြန်မြန်ထလော့”ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် သူ၏လက်မှ ကျွတ်ကျသွားလေ၏။